Wednesday, April 7, 2021

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ် ဖမ်းဆီး


နေပြည်တော် ဧပြီ ၆

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူ များအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီးရာတွင် ၂၀၂၁ ခုနှစ် ဧပြီ ၅ ရက် ည ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် (၆)လမ်းနေ မစန်းစန်းထွေး (ခ) ထွေးလေး (၄၆)နှစ် (ဘ) ဦးအောင်မျှင်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ မစန်းစန်းထွေး(ခ) ထွေးလေးနှင့် အတူ နိုင်ငံတော်ဆန့်ကျင်ရေး လှုံ့ဆော်စာများ ရေးသားထားသည့် ဗီနိုင်းများ၊ ဆိုင်းဘုတ်များ နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။ အကြမ်းဖက်သူများ အသုံးပြုသည့် ပစ္စည်းများသိမ်းဆည်း အလားတူ ဧပြီ ၆ ရက် နံနက် ၇ နာရီတွင် ပင်လည်ဘူးမြို့၌ ဧပြီ ၅ ရက် ညပိုင်းက လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ အသုံးပြုခဲ့သည့် မိုးကောင်းရပ်ကွက်ရှိ စော်ဘွားဘုရား တောင်ကုန်းပေါ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရှာဖွေခဲ့ရာ ဆူပူအကြမ်းဖက် သူများ အသုံးပြုခဲ့သည့် တူမီးသေနတ်တစ်လက်၊ လက်လုပ်မိုင်း ရှစ်လုံး၊ မီးစာတပ်ဆင်ထားသည့် မီးပုလင်း ၁၅ လုံး၊ လေးခွ တစ်လက်၊ ဂျင်ကလိ လေးချောင်း၊ သံတုတ်တစ်ချောင်း၊ မီးပုလင်းပြုလုပ် မည့် ပုလင်းခွံ ၃၄ လုံး၊ ဓာတ်ဆီများထည့်ထားသည့် ပုံးတစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အကြမ်းဖက်သူများ အသုံးပြုသည့် ပစ္စည်းများသိမ်းဆည်း

အလားတူ နံနက် ၈ နာရီခွဲတွင် မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ “မျိုးသီဟ” လက်ဖက်ရည်ဆိုင်သို့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် မစန္ဒာ(စိစစ်ဆဲ)အားမတွေ့ရှိရဘဲ ဆိုင် အတွင်းမှ သစ်သားဒိုင်း နှစ်ချပ်၊ သံချွန် ငါးခု၊ သံပြား ၁၀ ပြား၊ မက်ဂနတ်သေနတ် နှစ်လက်၊ မှိန်း သုံးချောင်း၊ လှံ သုံးချောင်း၊ အဖြူရောင်ယမ်းစိမ်း တစ်ထုပ်နှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အလားတူ နံနက် ၈ နာရီခွဲတွင် ပခုက္ကူမြို့ အမှတ်(၁၃)ရပ်ကွက် ပြည်တော်သာလမ်းရှိ “ရတနာ"ဆိုင်ကယ်ပြင်ဆိုင်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်ရှင်ဖြစ်သူ ထွန်းလှိုင် (၄၁)နှစ် နှင့်အတူ ၎င်းဆိုင်အတွင်းမှ သံဒိုင်းရှစ်ချပ်၊ ဒူးလေးသစ်သားကိုယ်ထည်ငါးခု၊ ဓား လေးချောင်း၊ ဆူးချွန် ၁၆ ချောင်း၊ သုံးမြှောင့်ဆူးသံချွန် ခုနစ်ခု၊ စမုတ်တံ ၁၈ ချောင်း၊ ရဲဒင်း နှစ်လက်၊ လေးခွ တစ်လက်၊ လှံ တစ်ချောင်း၊ သံဘောစေ့ ၁၃၀ ၊ ဓာတ်ဆီဘူး လေးဘူးနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ နံနက် ၉ နာရီတွင် ခင်ဦးမြို့နယ် ကန်သစ်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း စိန်ထွန်း (၅၁)နှစ် (ဘ) ဦးစွန်၏ နေအိမ် အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ စိန်ထွန်း အား တွေ့ရှိရခြင်းမရှိဘဲ၎င်းအိမ်အတွင်းမှ ဂက်(စ်) သေနတ် နှစ်လက်၊ ဂျင်ကလိ ရှစ်ချောင်း၊ မ နှစ်ချောင်း၊ ဖန်ဂေါ်လီအလုံး ၁၀၀ ၊ ဂက်(စ်)ဘူး ခုနစ်ဘူး၊ ကော်ပိုက်ဖြတ်စက် တစ်ခု၊ ဘောစေ့ အလုံး ၃၀ နှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အလားတူ နံနက် ၁၀ နာရီခွဲတွင် မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၉၂ လမ်းဆုံ၌ ရန်နိုင်အောင် (၂၂)နှစ် (ဘ)ဦးဟန်ဝင်း မောင်းနှင်ပြီး ဟိန်းထက်ဇော် (၁၇)နှစ် (ဘ) ဦးစိုးနိုင် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့၏ လက်ကိုင်ဖုန်းများအတွင်း လက်လုပ်သေနတ် ပြုလုပ်ထားသည့် မှတ်တမ်းဓာတ်ပုံများ တွေ့ရှိရသဖြင့် အဆိုပါရပ်ကွက်ရှိ ၎င်းတို့ငှားရမ်း နေထိုင်သည့် နေအိမ်သို့ ဆက်လက်ရှာဖွေခဲ့ရာ ဇင်ကိုကိုအောင်(ခ) ဇင်ကို (၂၅)နှစ် (ဘ) ဦးကျော်နိုင် နှင့် ဟိန်းထက်အောင် (၁၉)နှစ် (ဘ) ဦးအောင်မင်း သိန်းတို့ နှစ်ဦးအား ထပ်မံတွေ့ရှိရသဖြင့် ထိန်းသိမ်း ခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ အိပ်ခန်းအတွင်းမှ လက်လုပ်သေနတ် ရှစ်လက်၊ လက်လုပ်မိုင်း အလုံး ၇၀ ၊ ဓာတ်မြေဩဇာ တစ်အိတ်၊ ကော်ပိုက်မျိုးစုံ ၅၂လုံး၊ မီးသတ်ဆေးဘူးနှစ်ဘူး၊ မီးပုလင်း သုံးလုံး၊ မီးရှူးမီးပန်း နှစ်ချောင်း၊ ဓာတ်ငွေ့ကာ ၁၀ ခု၊ ဦးထုပ် လေးလုံး၊ ဒူးကာ လေးစုံ၊ ဓာတ်ငွေ့ကာ မျက်မှန် ခြောက်ခု၊ ကျည်ကာအကျီ ငါးထည်၊ ဖုန်း လေးလုံးနှင့်ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ နံနက် ၁၁ နာရီတွင် တာမွေ မြို့နယ် ပုသိမ်ညွန့်ရပ်ကွက် ဓမ္မစိန္ဒာလမ်း အမှတ် ၃၈၊ (၇)လွှာ၊အခန်း(ဘီ)သို့သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ အဆိုပါအခန်းတွင် နေထိုင်သူများအား မတွေ့ရှိရဘဲ အခန်းအတွင်းမှ ဂက်(စ်)သေနတ် တစ်လက်၊ ဓားမြောင် ခုနစ်ချောင်း၊ လက်လုပ် အသံဗုံး တစ်လုံး၊ယမ်းမှုန့် နှစ်ထုပ်၊ Drone အပျက် တစ် ခု၊ ကျည်ကာအင်္ကျီသုံးထည်၊ ဖိုက်ဘာဦးထုပ် ၁၃ လုံး၊ လက်အိတ် နှစ်စုံ၊ မီးသတ်ဆေးဘူး တစ်ဘူး၊ နှာခေါင်းကာ ရှစ်ခု၊ ဓာတ်ငွေ့ကာ မျက်မှန် ရှစ်ခု၊ ဒူးကာ တစ်စုံ၊ တံတောင်ကာ တစ်စုံ၊ စကား ပြောစက်နှစ်လုံး၊ မီးရှူးမီးပန်း တစ်ထုပ်၊ ဗြောက်အိုး နှစ်ထုပ်နှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက် ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက် သိမ်းဆည်းထားရှိသူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment