နေပြည်တော် ဧပြီ ၈
အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ (မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး
(၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက
ချမှတ်ထားသည့် မူဝါဒ (၄) ရပ်တွင် အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ
ကြိုတင်ကာကွယ်ရန်နှင့်စောင့် ရှောက်မှုများ ပေးရန်ဟူသည့် အချက်များပါဝင်ပါကြောင်း၊
မြန်မာနိုင်ငံ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း
အကောင်အထည်ဖော်မှုဆိုင်ရာ စတုတ္ထနှင့် ပဥ္စမအကြိမ် ပူးတွဲအစီရင်ခံစာအပေါ် UNCEDAW ကော်မတီကပေးပို့ခဲ့သည့်
အကြံပြုချက်(၅၆)ချက်အနက် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများဖြစ်စေသည့် ဥပဒေများနှင့်
ပြဋ္ဌာန်းချက်များကို အမြန်ဆုံးပြန်လည်သုံးသပ်ရန်ဆိုသည့်အချက် ပါဝင်ပါကြောင်း။
ထို့ကြောင့် အမျိုးသမီးများနှင့်
အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် နည်းမျိုးစုံ အကြမ်းဖက်မှုများနှင့်
စပ်လျဉ်း၍ ထိရောက်စွာ ကာကွယ်စောင့်ရှောက် ပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများ၏ နည်းပညာ အကူအညီများဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကျား၊မရေးရာ
တန်းတူညီမျှရေး ကွန်ရက်(Gender Equality Network)၊ ကုလသမဂ္ဂ ကျား၊မရေးရာဆိုင်ရာအဖွဲ့
(United Nations Gender Theme Group)နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်းကောင်း
ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲခဲ့ခြင်း
ဖြစ်ပါကြောင်း။
ဥပဒေရေးဆွဲရာတွင်
အာဆီယံနိုင်ငံများအပါအ၀င် အခြားနိုင်ငံများမှ
ဥပဒေများကို နှိုင်းယှဉ်ဥပဒေများအဖြစ်လေ့လာ၍ ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
ဥပဒေကို ပြည့်စုံစွာ ရေးသားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဦးဆောင်ကော်မတီ၊ အကြံပေးကော်မတီနှင့်
လုပ်ငန်းကော်မတီ (၃)ရပ်ဖွဲ့စည်းထားရှိ ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ဥပဒေ(မူကြမ်း)ရေးဆွဲရေး
လုပ်ငန်းစဉ်များကို ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင် ဆောင်ရွက်ခဲ့ပြီး ဆက်စပ်ဌာနဆိုင်ရာများနှင့်လည်းကောင်း၊
အမျိုးသမီးအဖွဲ့အသီးသီးနှင့် လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့်လည်းကောင်း
ဆွေးနွေးမှု များပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၆ခုနှစ်၊ မတ်လတွင်မှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့သို့ တင်ပြခဲ့ပြီး
ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြခဲ့ရာ အစိုးရအဖွဲ့အသစ်၏ မူဝါဒနှင့်အညီ
ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် ဥပဒေ (မူကြမ်း)ကို ပြန်လည်ပေးပို့ခဲ့ပါကြောင်း။
ထို့နောက် ဥပဒေပြဋ္ဌာန်းခွင့်ပြုနိုင်ရန်
လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ကာ ၂၀၁၉ ခုနှစ်တွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေးကော်မတီသို့ (၂)ကြိမ် တင်ပြခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့
အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၂၀ ပြည့်နှစ်
ဇန်နဝါရီ ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်က
ဇန်နဝါရီလ (၂၅)ရက်မှ (၂၈)ရက်ထိ ဥပဒေ(မူကြမ်း) ကို နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာခဲ့ပါကြောင်း။
ထို့နောက် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီမှာ ဆွေးနွေးမှု (၂)ကြိမ်၊ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်
ကလေး သူငယ်အခွင့်အရေး ဆိုင်ရာကော်မတီတွင်
(၁)ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ဥပဒေ (မူကြမ်း) ကို
နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းပြီး နောက်ပိုင်း UNFPA, Law Advocacy Working Group, ဦးစိုးမြိုင်
နှင့် Akhaya Women Myanmar တို့က ဥပဒေ (မူကြမ်း) အပေါ် အကြံပြုချက်များကို မိမိတို့ဌာနသို့
တိုက်ရိုက်သော်လည်းကောင်း၊ မိတ္တူပေးပို့၍သော် လည်းကောင်း ပေးပို့လာသည့်အတွက် ဌာနတွင်းဆွေးနွေးမှုများလည်း
ပြုလုပ်ခဲ့ကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးပြဋ္ဌာန်းခြင်းမပြုရသေးသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု
တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို လတ်တလော ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ခုအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့
သဘောထားမှတ်ချက် ပေးပို့ထားပါကြောင်း၊ ထို့ကြောင့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သည့်ဆွေနွေးမှုများ
ပြုလုပ်နိုင်ရန် အစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးတွင်
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ဥပဒေ(မူကြမ်း) အပေါ် ဆွေးနွေးမှုတွင်
UNFPA, Law Advocacy Working Group, ဦးစိုးမြိုင် နှင့် Akhaya Women Myanmar တို့
က ပေးပို့ထားသည့် အကြံပြုချက်များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ
အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဥပဒေ(မူကြမ်း)နှင့်
စပ်လျဉ်း၍ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်းဉီးစီးဌာန
ဘာသာရပ် တာဝန်ခံများက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)
ကို ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြခြင်း၊ UNFPA, Law Advocacy Working
Group, ဦးစိုးမြိုင် နှင့် Akhaya Women Myanmar တို့၏ အကြံပြုချက်များကို တက်ရောက်
လာကြသူများက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးသို့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များနှင့်
ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊
ရန်ကုန် တက္ကသိုလ်၊ ဥပဒေပညာဌာနမှ တာဝန်ရှိသူ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး
ကာကွယ်ရေးဥပဒေ(မူကြမ်း) ရေးဆွဲရေးလုပ်ငန်း ကော်မတီဝင် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment