ပုလဲအတွဲများနှင့်
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ (ဒုတိယနေ့) ဆက်လက်ကျင်းပ
နေပြည်တော် ဧပြီ ၂
ပုလဲအတွဲများနှင့်
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ (ဒုတိယနေ့)ကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။
ပြပွဲဒုတိယနေ့တွင်
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟိုကော်မတီဝင်များသည်
မဏိရတနာ ကျောက်စိမ်းခန်းမ မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို ကြည့်ရှုအားပေးပြီး
ရတနာကုန်သည် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ပုလဲအတွဲများအား အိတ်ဖွင့်တင်ဒါတင်သွင်းမှု၊ တင်ဒါပိတ်သိမ်းမှုနှင့်
တင်ဒါဖွင့် ဖောက်စစ်ဆေးရောင်းချပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးသည်။
ပြပွဲ ဒုတိယနေ့တွင်
ပုလဲအတွဲပေါင်း ၂၁၂ တွဲကို မြန်မာကျပ်ငွေ ၉၄၁၀၀၀၂၈၆ ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။
ယနေ့ပြပွဲနှင့် စပ်လျဉ်း၍
ပုလဲရောင်းချရေးလုပ်ငန်း ကော်မတီဝင်တစ်ဦးက “ပုလဲ အတွဲတွေကို မြန်မာကျပ်ငွေတဲ့ရောင်းချခဲ့တာ
၃၇ ကြိမ်ရှိပါပြီ။ ယူရိုငွေ၊ မြန်မာကျပ်ငွေ တွေနဲ့ ပြည်တွင်းရော နိုင်ငံခြားမှာရော
ရောင်းချခဲ့တာ စုစုပေါင်း အကြိမ်ရေ ၁၃၁ ကြိမ် ရှိသွားပြီ။ အခုပြပွဲမှာ ပုလဲအတွဲ ၃၁၇
တွဲကို တင်ဒါသုံးခုခွဲပြီး ရောင်းချမှာ ဖြစ်ပါတယ်။ ဒီနေ့မှာ တင်ဒါအမှတ် ၁ ကို မွန်းတည့်
၁၂ နာရီနဲ့ တင်ဒါအမှတ် ၂ ကို ညနေ ၄ နာရီခွဲမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ မနက်ဖြန်
မွန်းတည့် ၁၂ နာရီမှာ တင်ဒါအမှတ် ၃ ကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
“အခုခင်းကျင်းပြသထားတဲ့
ပုလဲတွေဆိုရင် ပြည်တွင်းဈေးကွက်မှာ အများဆုံးသုံးတဲ့ ပုလဲတွေကို ပြသထားတာ တွေ့ရတယ်။
ဒီထက် အရည်အသွေးမြင့်ပြီး နိုင်ငံခြား ဈေးကွက်ဝင်တဲ့ ပုလဲက ဒီထက်တဆင့်တော့ရှိပါသေးတယ်။
ဒါပေမယ့် ပြည်တွင်းမှာ ရောင်းချဖို့အတွက်ဆိုရင် ခုပြသထားတာတွေက ကောင်းပါတယ်။ ဈေးနှုန်းသင့်တင့်မျှတတဲ့အတွက်
လာရောက်ဝယ်ယူတဲ့ သူတွေအတွက် အကျိုးရှိပါတယ်။ ဝယ်ရတာလည်း အဆင်ပြေတယ်၊ ပြန်ရောင်းမယ်ဆိုရင်လည်း
အကျိုးအမြတ်ရမယ်လို့ ယုံကြည်တယ်။
“အခုပြပွဲက သာမန်ထက်စာရင်
ပြပွဲလာရောက်သူ အနည်းငယ်နည်းတဲ့အတွက် ပြောရရင် ကျွန်တော်တို့အတွက်က ကြိတ်ကြိတ် မတိုးရတဲ့အတွက်
ပိုကောင်းပါတယ်။ သွားရလာရတာလည်း အဆင်ပြေပါတယ်။ ပြပွဲတာဝန်ရှိသူတွေအနေနဲ့ကလည်း ဒီပွဲနဲ့
ပတ်သက်ပြီး လုံခြုံစိတ်ချအောင် ပြင်ဆင်ပေးထားတဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်။ ဒီမှာပြသထားတဲ့ပုလဲတွေက
ဟောင်ကောင်ဈေးကွက်မှာ မျက်နှာပန်းလှတဲ့ ပုလဲအမျိုးအစားဖြစ်ပါတယ်” ဟု ပြပွဲလာရောက် သည့် ရတနာကုန်သည် တစ်ဦးကပြောသည်။
၂၀၂၁ ခုနှစ် ဧပြီလ
ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌
ဧပြီလ ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပုလဲအတွဲ ၃၁၇ တွဲ၊ ကျောက်စိမ်းအတွဲ
၂၁၄၈ တွဲ၊ ကျောက်မျက် ၁၉၆ တွဲအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်းရတနာကုန်သည်များအား
ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း
No comments:
Post a Comment