ရိုးရာယဉ်ကျေးမှုဆိုတာ မပျောက်ကောင်းပါဘူး။ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းထိန်းသိမ်း ကြရမှာ ဖြစ်ပါတယ်။ (ဦးရဲဒွေး)
စာပေသည် လူ၏တန်ဖိုး၊ စာပေမြင့်မှ လူမျိုးတင့်မည်
ဆိုသည့်အတိုင်း စာပေပညာရှင်များက မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုး ကမ္ဘာ့အလယ်ဝင့်ထည်စေရေး
စာပေဖြင့် လူမှုရသအဖုံဖုံ၊ ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားလိုက်နာဖွယ် စသောအကြောင်းအရာမျိုးစုံတို့ကို
ရေးသားထုတ်ဝေ လျက်ရှိပါသည်။
ထို့အတူ စာပေပညာရှင်ကြီးများ၏ကြိုးပမ်းအားထုတ်မှုကို
အသိအမှတ်ပြုခြင်းအားဖြင့် လည်း ကောင်း၊ ချီးမြှောက်ခြင်းအားဖြင့်လည်းကောင်း နှစ်စဉ်နှစ်တိုင်း
ပြန်ကြားရေးဝန်ကြီး ဌာနက အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုံးဖေစာပေဆု
အစရှိသဖြင့် စာပေဆုများ ချီးမြှင့်ပေးလျက်ရှိပါသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့
သိမ်ဖြူလမ်း ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန၌ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရရှိသူများကို
ဆုများချီးမြှင့် ခဲ့ရာ ဆုရစာပေပညာရှင်များ၏ ဝမ်းသာပီတိစကားသံများကို ဤသို့ ကြားသိရပါသည်။
ရုပ်သေးပညာရှင် ဦးရဲဒွေး
ရုပ်သေးသဘင်သုံးဇာတ်စာ၊ ဇာတ်စကားများစာမူဖြင့်စာပဒေသာပထမဆု
ကျွန်တော်က ရုပ်သေးကို ၁၉၆၆ ခုနှစ်ကနေ
၁၉၇၄ ခုနှစ်အထိ တည်ထောင်ခဲ့ပါတယ်။ ရုပ်သေး ပညာရှင်ဖြစ်တဲ့အတွက် ရုပ်သေး လည်းတည်ထောင်တယ်။ ရုပ်သေးလည်း ကပြပါတယ်။ အဲဒီကာလမှာကျွန်တော်ကတော့
ရုပ်သေးပညာရှင်အဖွဲ့ထဲမှာ ပညာရှင်တွေအများ ကြီးပါတာ ပေါ့နော်။ ရုပ်သေးနဲ့ပတ်သက်တဲ့
မင်းသားတွေ၊ မင်းသမီးတွေ၊ လူကြမ်းတွေ၊ လူရွှင်တော်တွေ၊ ကြိုးဆွဲတွေ ပါဝင်ပါတယ်။ သူတို့
နဲ့တွဲဖက်ပြီး ကပြခဲ့ရတဲ့အတွက် ဇာတ်စာ၊ ဇာတ်စကားတွေ အများကြီး စုဆောင်းထားပါတယ်။ အဲဒါလေးတွေ
စိတ်ကူးထဲပေါ်လာတော့ ရေးဖြစ်ခဲ့တာပါ။ ။
ကျွန်တော်က မျှော်လင့်လည်း မျှော်လင့်မိပါတယ်။
ဒီဟာက အလွန်အင်မတန်မှ ရှားပါး ပစ္စည်းလိုပေါ့။ ရုပ်သေးက မကရတော့ပျောက်ကွယ်လုနီးပါး
ဖြစ်နေပါပြီ။ ရုပ်သေး တွေကလည်း မရှိတော့၊ ဇာတ်တွေကလည်း မကရတော့ဘူးဆိုတော့ ဒါတွေက ပျောက်ကွယ်
သွားမှာ စိုးရိမ်တယ်။ ဇာတ်သဘင်သုံးတဲ့ ဇာတ်စာ၊ ဇာတ်စကားတွေ ထိန်းသိမ်းထားတဲ့ သဘော လည်းဖြစ်ပါတယ်။
ကျွန်တော့်ဘက်ကတော့ ရုပ်သေးနဲ့ပတ်သက်လို့ တာဝန်ကျေပြီပေါ့။ ဇာတ်ဘက်ကတော့ နောက်ထပ်ပညာရှင်ကြီးတွေ
ဆောင်ရွက်ဖို့လိုပါသေးတယ်။ ရိုးရာ ယဉ်ကျေးမှုဆိုတာ မပျောက်ကောင်းပါဘူး။ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းထိန်းသိမ်းကြ ရမှာဖြစ်ပါတယ်။ ဆရာကြီး ဦးရဲဒွေးသည် ၁၉၆၆ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ
ဒဂုံအောင် အမည်ဖြင့် ရုပ်သေးအဖွဲ့ တည်ထောင်ကပြခဲ့ကြောင်း၊ ၁၉၇၅ ခုနှစ်ခန့် တွင် မြန်မာ-အင်္ဂလိပ်
နှစ်ဘာသာဖြင့် သဘင်ဂီတဆိုင်ရာဆောင်းပါး များ ရေးသားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု
အင်္ဂလိပ်စာမူ ပထမဆု၊ ၂၀၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဒုတိယဆုနှင့် ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆုတို့ကိုလည်း
ဆွတ်ခူးခဲ့ကြောင်း သိရ သည်။
ကန့်ဘလူခင်မောင်ဆွေ
စက္ကူကျားနှင့် ရွှံ့ရုပ်ကလေးကဗျာများစာမူဖြင့်
ကလေးစာပေပထမဆု
စက္ကူကျားဆိုတာက စက္ကူအရုပ်လေးတွေလုပ်ပြီးတော့
ဆော့ ကစားတတ်တဲ့ မြို့က ကလေးတွေအကြောင်း ရေးထားတာ၊ ရွှံ့ရုပ် ဆိုတာက တောက ကလေးတွေ လယ်တော
သွားရင်းနဲ့ အစ်ကိုဖြစ်သူ က ညီဖြစ်သူကို ရွှံ့ရုပ်လေးလုပ်ပြီး လက်ဆောင်ပေးတဲ့အကြောင်း
ကဗျာရေးဖွဲ့ထားတာပါ။ ကဗျာကတော့ အားလုံး ၇၆ ပုဒ်ပေါ့။ ကလေး ကဗျာဆိုတော့ ကလေးတွေက ပြန်ကြားရေးဝန်ကြီးဌာနက
သတ်မှတ် ထားတာက ၁၂ နှစ်အရွယ်ဖြစ်တာကိုး။ ကျွန်တော်က ကလေးကဗျာ တွေရေးတဲ့အခါမှာတော့ ကလေးအတွေး
ကလေးနေရာကထားပြီး ရေးရတာဆိုတော့ ကလေးတွေ ဒီကဗျာတွေကို ဖတ်မိတဲ့အခါကျတော့ ကလေးတွေရဲ့
ယဉ်ကျေးမှု၊ ကလေးတွေရဲ့ ကျန်းမာရေး၊ နိုင်ငံကို ချစ်မြတ် နိုးတဲ့စိတ် ဒါမျိုးတွေစုံအောင်
ကဗျာ ၇၆ ပုဒ်ထဲမှာ ရောမွှေပြီး နှံ့စပ် အောင် ရေးထားတာပါ။
ကျွန်တော်က ကလေးစာပေတွေ အများဆုံးရေးပါတယ်။
စာပေ ဗိမာန်စာပေပြိုင်ပွဲဝင် တော့လည်း ကလေးကဗျာတွေပါပဲ။ ဒါနဲ့ဆို စာပေ ဗိမာန်ဆု ၁၁
ဆုရရှိသွားပါပြီ။ ၁၉၉၁ ခုနှစ်ကတော့ အမျိုးသားစာပေ ဆုရခဲ့ပါတယ်။ ကျွန်တော်က ကလေးစာပေတွေပဲ
ဆက်တိုက်ရေးတော့ ကလေးစာပေနဲ့ပဲ ခုနစ်ဆူမြောက် ရှိသွားပါပြီ။ အခြားဆုတွေလည်း ရဖူးပါတယ်။
။
ကျွန်တော်က မူလတန်းကျောင်းအုပ်လည်း လုပ်ခဲ့ပါတယ်။
မူလတန်းကျောင်းအုပ် လုပ်ပြီးတော့ ၂၀၁၆ခုနှစ် ဧပြီလမှာ သက်ပြည့်
၆၅ နှစ်ရှိပါပြီ။ ကန့်ဘလူမှာ နေပါတယ်။
မြတ်ပညာတို့၊ ပညာတန် ဆောင်တို့မှာလည်း ကလေးစာပေတွေ ဆက်တိုက်ရေးနေပါတယ်။
အထက်တန်းကျောင်းသားဘဝကတည်းက ဆရာသိပ္ပံမောင်ဝတို့၊
(ဆရာတင်မိုးတို့၊ ဆရာကြီးမင်းသုဝဏ်တို့ ကဗျာတွေကို ဖတ်ခဲ့ပါတယ်။ ဒီလိုဖတ်ရင်းနဲ့ စာရေးချင်တဲ့စိတ်ပေါက်
လာပါတယ်။ နောက် မြစ်ကြီးနား မှာ ကျောင်းဆရာသင်တန်း တက်တယ်။ စာကြည့်တိုက် အတွင်းရေးမှူးလုပ်တယ်။
နံရံကပ်စာစောင်မှာလည်း အတွင်းရေးမှူး လုပ်တယ်။ အဲဒီလို လုပ်ရင်းနဲ့ လက်ကမ်းစာစောင်လေးတွေ
ဖယောင်းနဲ့ လှိမ့်တဲ့ခေတ် ၁၉၇၈-၁၉၇၉ လောက်ကဆိုတော့ လွန်ခဲ့တဲ့အနှစ် ၄၀ လောက် ကပေါ့။
အဲဒီကနေ ကျွန်တော် ကျောင်းဆရာစလုပ်တဲ့နှစ်မှာ ပညာ တန်ဆောင်မှာ ဆောင်းပါးတစ်ပုဒ် စရေးတယ်။
အဲဒီတုန်းက ဆောင်းပါး ၁၅ ကျပ်ရတယ်။ အဲဒီငွေနဲ့ပဲ စာပေဗိမာန်အသင်းဝင်တယ်။ စာပေ ဗိမာန်က
တစ်လတစ်အုပ်ပေးတဲ့ စာအုပ်တွေကို ဖတ်တယ်။ ဒီလို ဖတ်ရင်းနဲ့ စာမူတွေရေးပြီး ပြိုင်တဲ့အတွက်
ဆုတွေလည်းရခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ကျေးလက်ဒေသမှ ကလေးများစာပေနဲ့စာပေဗိမာန်စာမူဆုရပြီး
စာအုပ်ဖြစ်လာတဲ့အခါမှာတော့ အမျိုးသားစာပေ ဆုပါ ရခဲ့တာဖြစ်ပါတယ်။
မင်းဗေဒါ (ပွင့်ဖြူ)
စာရွက်ပေါ်ကရုပ်ရှင်ရိုက်ခြင်း ရုပ်ရှင်ဇာတ်ညွှန်းအနုပညာ
လေ့လာချက်စာမူဖြင့် ယဉ်ကျေးမှု စာပေ တတိယဆု
ရုပ်ရှင်ဇာတ်ညွှန်းအနုပညာလေ့လာချက်ဖြစ်ပါတယ်။
ကျွန်တော် ကိုယ်တိုင်ဇာတ်ညွှန်းတွ ေရေးတဲ့ အတွေ့အကြုံတွေ၊ ကျွန်တော်ကိုယ်တိုင် ဇာတ်ညွှန်းလောကမှာ
ကျင်လည်ခဲ့ရတာ တွေ၊ မြန်မာ့ဇာတ်ညွှန်းတွေ အကြောင်း၊ နိုင်ငံတကာဇာတ်ညွှန်းတွေအကြောင်း
ရေးသားထားတဲ့ စာမူဖြစ်ပါတယ်။ “ဒီစာမူမှာဆိုရင် မြန်မာ့ရုပ်ရှင်သမိုင်း၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းတွေအပြင်
မြန်မာ့ရုပ်ရှင်ဇာတ်ညွှန်း ရေးနည်းရေးပုံတွေ၊ ကမ္ဘာ့ရုပ်ရှင်ဇာတ်ညွှန်း ရေးနည်းရေးပုံတွေ
ပါဝင်ပါတယ်။ စုစုပေါင်း အခန်းကဏ္ဍ လေးခုဖြင့် ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းပညာနှင့် ပတ်သက်ပြီး
အတော်လေး ကောင်းမွန်အောင် ရေးသားပြုစုထားပါတယ် ခင်ဗျ။
ဆရာမင်းဗေဒါ(ပွင့်ဖြူ)သည် မကွေးတိုင်းဒေသကြီး
ပွင့်ဖြူဇာတိ ဖြစ်ပြီး ရန်ကုန်အဝေးသင် တက္ကသိုလ်မှ မြန်မာစာနှင့် ဘွဲ့ရခဲ့ကြောင်း၊
ထိုမှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ မဟာ ဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်ပညာ)
ရရှိခဲ့ကြောင်း၊ ၎င်းတက္ကသိုလ် ၌ပင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ စာပေ
များ အစဉ်တစိုက်ရေး သားခဲ့ရာ စာပေဗိမာန်စာမူဆု သုံးကြိမ်၊ ပခုက္ကူ ဦးအုံးဖေစာပေဆု နှစ်ကြိမ်
ဆုများရရှိခဲ့ဖူး ကြောင်း သိရသည်။
ရဲမင်းထက်(မြန်မာစာ)
ဇာတကနောက်ခံ ရခိုင်သာခြင်းများ၏အပြောက်
အမွမ်း စာမူဖြင့် သုတ(ဝိဇ္ဇာ)ပထမဆု
ဒီစာမူရေးဖြစ်တာကတော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်
မဟာဝိဇ္ဇာတန်း တက်တဲ့အခါမှာ မဟာဝိဇ္ဇာတန်းကျမ်းပြုရပါတယ်။ ကိုယ့်ရဲ့ မဟာဝိဇ္ဇာကျမ်းနဲ့
စာပေဗိမာန်စာမူပြိုင်မယ်လို့ နဂိုကတည်းက ရည်ရွယ်ထားတာပါ။ မဟာဝိဇ္ဇာဘွဲ့ရပြီးတဲ့အခါမှာတိုက်ဆိုင်တဲ့အတွက်
၂၀၁၉ ခုနှစ်မှာ စာမူအနေနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီအတွက် သုတဝိဇ္ဇာ ပထမဆုအဖြစ် ရခဲ့ပါတယ်။
ဆုရမယ်လို့ ထင်မထားခဲ့ပါဘူး။ ဝါသနာ အရ၊ အတွေ့အကြုံအရ ပြိုင်လိုက်တာပါ။ ဆုရတယ်လို့ ကြားသိရတဲ့
အတွက် အတိုင်းမသိဝမ်းမြောက်မိပါတယ်။
မဟာဝိဇ္ဇာကျမ်းပြုတဲ့အခါ ကျွန်တော်က ရခိုင်တိုင်းရင်းသား
ဖြစ်တဲ့အတွက် ကိုယ့်ရခိုင်က စာပေကို ကျမ်းပြုမယ်လို့ အစကတည်း က ရွေးချယ်ထားခဲ့ပါတယ်။
ခေါင်းစဉ်ကတော့ ဇာတကနောက်ခံ ရခိုင် သာခြင်းများ၏ အပြောက်အမွမ်းဖြစ်ပါတယ်။ သာခြင်းဆိုတာက
မြန်မာ လို တျာချင်းနဲ့တူပါတယ်။ ရခိုင်လို တောသာခြင်းပေါ့။ အသံထွက်ကိုတော့ ရခိုင်လို
စာခွင်းလို့ အသံထွက်ပါတယ်။ ဒီကျမ်းက ဘုရား ၅၅၀ ဇာတ်တွေထဲက စန္ဒကိန္နရီဇာတ်နှင့် ဗလကုသဇာတ်
ဇာတ်နှစ်ဇာတ်ကို အခြေခံထားပါတယ်။ ရခိုင်စာဆိုတွေက စာခွင်းစာပေအဖြစ် ရေးထားတာကို ကျွန်တော်က
စာကြည့်တိုက်ကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ အတွက် လေ့လာပြီးတော့ ဒီကျမ်းကို ရေးသားခဲ့ပါတယ်။
ဒီစာပေဟာ ရခိုင်ဘုရင်တွေလက်ထက်မှာ နန်းတွင်းစာပေအဖြစ်
ထင်ရှားခဲ့ပါတယ်။ ပြီးတော့ ရခိုင်လူမျိုးတွေရဲ့ နေ့စဉ်နေထိုင်မှု စားသောက်မှုဘဝတွေမှာလည်း
စာခွင်းတွေ သီဆိုပြီးတော့ နေ့စဉ် အလုပ်လုပ်ကြပါတယ်။ နေ့စဉ်ဘဝ ဖားရှာ၊ ငါးရှာရင်းစာခွင်းတွေကို
သီဆိုကြ လေ့ရှိပါတယ်။ ဒီကျမ်းကိုပြုစုရတဲ့ အကျိုးကျေးဇူးကတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့
ရခိုင်စာခွင်းစာပေတွေ ထိန်းသိမ်းတဲ့ သဘောအနေနဲ့ လည်းကောင်း၊ အခြားတိုင်းရင်းသားတွေအနေနဲ့
ကလည်း ရခိုင်မှာ စာခွင်းရှိတယ်ဆိုတာ သိရှိစေဖို့ဖြစ်ပါတယ်။
ဆရာရဲမင်းထက်( မြန်မာစာ)သည် ရခိုင်ပြည်နယ်
တောင်ကုတ် မြို့ဇာတိဖြစ်ပြီး ယခုအခါ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် အချိန်ပိုင်းနည်းပြအဖြစ်
တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
လွင်မြန်မာ(မန်းတက္ကသိုလ်)
မြန်မာ့ရွှေချည်ထိုးစာမူဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်
အနုပညာဆိုင်ရာ စာပေပထမဆု
ဒီစာအုပ်ရေးသားဖြစ်ခဲ့တဲ့ရည်ရွယ်ချက်က
မြန်မာ့ရွှေချည်ထိုးဟာ ရှေးအစဉ်အဆက် နန်းတွင်း ရော ပြည်သူလူထုကြားထဲမှာ အလွန်အင်မတန်
မှထိရောက်ခဲ့တဲ့၊ အသုံးဝင်ခဲ့တဲ့၊ အဆင့်မြင့်ခဲ့တဲ့၊ ဂုဏ်မြင့်ခဲ့တဲ့ ပညာတစ်ခု ဖြစ်ပါတယ်။
ယခုအခါမှာတော့ လုပ်ငန်းရှားပါးခြင်း၊ ပစ္စည်း ရှားပါးခြင်း၊ ငှားယူမှု၊ ဝယ်ယူမှု အားနည်းခြင်းတို့ကြောင့်
တဖြည်းဖြည်းတိမ်မြုပ်လာ ပါပြီ။ ဒါလေးကို ပြန်လည်ဖော်ထုတ်ချင်တဲ့ စေတနာရည်ရွယ်ချက်ရယ်၊နောက်နောင်လူတွေကိုလည်း
လက်ဆင့်ကမ်းပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် ဒါကိုရေးဖြစ်ခဲ့တာပါ။
ဒီ မြန်မာ့ရွှေချည်ထိုးစာအုပ်မှာ အခန်းပေါင်း
၂၇ ခန်းပါဝင်ပြီးတော့ သက်ဆိုင်ရာ တတ်သိနား လည်တဲ့ရွှေချည်ထိုး ပညာရှင်တွေ၊ စာပေပညာ
ရှင်တွေ၊ စာအုပ်စာတမ်းအထောက်အထားတွေနဲ့ ဓာတ်ပုံပေါင်းများစွာ၊ တွေ့ဆုံမှုပေါင်းများစွာနဲ့
အတတ်နိုင်ဆုံး ကြိုးစားရေးသားထားတာ ဖြစ်ပါတယ်။ နှောင်းလူတွေ သုတေသနပြုလေ့လာနိုင်အောင်
ဖြစ်ပါ တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ရော၊ ရွှေချည်ထိုးလုပ်ငန်းရှင်တွေရော၊ ပြည်သူလူထုတွေရော
ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် ကမ္ဘာ့အလယ် မှာ မြန်မာရဲ့ ရွှေချည်ထိုးလုပ်ငန်းဟာ
ပြန်လည်ဦးဆောင် ခေါင်းမော့လာနိုင်ပါတယ်။ နောက်နောင်လည်း မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စာအုပ်တွေ ကြိုးစား ရေးသားပြီး ပြုစုသွားမှာဖြစ်ပါတယ်။
အခုလို ရွှေချည်ထိုးနဲ့ပတ်သက်ပြီး ရေးသားတဲ့
စာအုပ်ကို ဆုချီးမြှင့်ပေးဖို့ဆုံးဖြတ်ပေးသော အဖွဲ့ဝင်လူကြီးများ၊ ဆုရွေးချယ်ပေးသော
တတ်သိ ပညာရှင်များနဲ့ တာဝန်ရှိသူအားလုံး၊ ကျေးဇူးတင်ထိုက်သူအားလုံး ကိုလည်း ကျေးဇူးတင်ရှိပါ
တယ်လို့ ပြောကြားလိုပါတယ်။
ရန်ကုန်ဌေးဇော် အသက်ရှည်ပါ ရေ စာမူဖြင့်
လူငယ်စာပေ ပထမဆုရ
နာမည်ရင်းကတော့ ဦးဇော်ဌေးပါ။ ကလောင်နာမည်ကတော့
ရန်ကုန်ဌေးဇော်ပါ။ အခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာပါတယ်။ ၁၉၉၉ခုနှစ် လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀ ကျော်က လူငယ် စာပေပြိုင်ဖူးတယ်။ ပထမဆုလည်းရဖူးပါတယ်။ အနှစ် ၂၀ ကျော်ကြာမှ
ထပ်ပြိုင်တဲ့အတွက် အခုလို ဆုရတယ်ဆိုတော့ အလွန်ပျော်ပါတယ်။ အဲဒီအတွက် ဆုရွေးချယ် ရေးအဖွဲ့တွေရော၊
ဆုချီးမြှင့်တဲ့သူတွေရော ကျေးဇူးတင်ပါတယ်။ ။
အခုဆုရတဲ့ “အသက်ရှည်ပါရေ”
ဆိုတဲ့ စာအုပ်မှာ လူငယ်တွေကို လွတ်လပ်ပွင့်လင်းဖို့ ကျွန်တော် တွန်းအား ပေးရေးထားတာပါ။
လူငယ်
တွေကို လွတ်လပ်ပွင့်လင်းစေချင်တယ်။ နောက်တစ်ခုက
ပရဟိတရဲ့ အကြောင်းတွေကို လူငယ်တွေကို သိစေချင်တယ်။ လူ့အခွင့်အရေး အကြောင်းတွေ သိစေချင်တယ်။
နောက်တစ် ခုက SME ဆိုတဲ့ အသေးစားချေးငွေလေးတွေကနေ စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်၊
ဘဝတွေတိုးတက်အောင် ထူထောင်စေချင်တယ်။ ခေါင်းစဉ်ကိုက အသက်ရှည်ပါရေ ဆိုတဲ့အတိုင်း အနာဂတ်မှာ
ရှားပါးလာမယ့် ရေအကြောင်းကို သတိပေးတာတွေ အားလုံး ဝတ္ထု ခုနစ်ပုဒ်ပါပါတယ်။
ကျွန်တော်က ၁၉၈၂ ခုနှစ် ပုံနှိပ်စာလုံး
ဖော်ပြခံရတဲ့အချိန်က စပြီး တော်တော်များများ လူငယ်နဲ့ ကလေးသူငယ်တွေအကြောင်း ရေးတာများတယ်။
ကိုယ်တိုင်လည်း ကလေး၊ လူငယ်ဘဝက ဖြတ်သန်း လာရတဲ့အခါကျတော့ လူကြီးတွေဆီကနေ တာဝန်တွေ လွှဲပြောင်း
ယူခဲ့ရတာပေါ့။ ဒီလိုပဲ ကလေးလူငယ်တွေလည်း တာဝန်တွေကိုယ်စီ ယူစေချင်ခဲ့တာပေါ့။ လူငယ်တွေအနေနဲ့
အသိပညာနဲ့ထိန်းချုပ်ပြီးအောင်မြင်တဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်စေချင်တာပါ။
ထက်ဝေအောင်(စစ်ကိုင်း)
ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေးဝတ္ထုတိုများဖြင့်
ကလေးစာပေတတိယဆုရ
အခုဆုရတဲ့စာအုပ်မှာ ဝတ္ထုတို ၁၆ ပုဒ်
ပါဝင်ပါတယ်။ စာပေဗိမာန် စာမူဆုကို လိုချင်လို့ ၂၀၁၅ ခုနှစ်က စပြိုင်တာ နှစ်တိုင်းကို
ပြိုင်ခဲ့တာ။ ဒီနှစ်မှ ဆုရတယ်။ အိမ်မှာလည်း ကလေးရှိ တဲ့အခါကျတော့ သူတို့ ကလေးအချင်းချင်း
အမူအကျင့်လေးတွေ၊ ကစားတဲ့ဟာလေးတွေ၊ တစ်ယောက်ကိုတစ်ယောက် ညှာတာဖို့၊ အကောက်မကြံဖို့၊
ဂိမ်းကစား တာတွေလျှော့ဖို့၊ ကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ဓမ္မစကူးကျောင်းတွေ
ပို့သင့်တာတွေ ဒါမျိုးလေး တွေ ရေးတာပါ။ လိမ္မာယဉ်ကျေးတဲ့ကလေးတွေ ဖြစ်လာအောင်ဆိုတဲ့
အဓိကရည်ရွယ် ချက်ထား ရေးဖြစ်ခဲ့တာပါ။ ။
စာပေဗိမာန်ဆု ဝင်ဖို့ဆိုတာက မလွယ်ဘူး။
ဒီအတွက် အလွန် ဝမ်းသာမိပါတယ်။ ဒီဆုက နိုင်ငံတော်အဆင့်ဆိုတော့လေ။ ဆုကတော့ ဒီဆုနဲ့ဆို
၁၄ ဆုရှိပြီ။ အရင်က တပ်မတော်နေ့လိုမျိုးတွေ၊ ကျိုက္ကလော့ အမေ့မေတ္တာ စာမူတို့၊ မြတ်မင်္ဂလာကလုပ်တဲ့
အလွတ်တမ်း ကျေးဇူး ကြီးလှ မိနှင့်ဘ မှာ အလွတ်တမ်းပထမတို့ အဲဒါမျိုးတွေ ရခဲ့ဖူးပါတယ်။
မူးယစ်ဗဟိုကလုပ်တဲ့ ဝတ္ထုပြိုင်ပွဲတွေမှာလည်း ဆုရဖူးတယ်။ အလုပ် သမားနဲ့ ပတ်သက်ပြီး
လုပ်တဲ့ စာပေပြိုင်ပွဲမှာလည်း ဆုရဖူးပါတယ်။ ကလေးတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့၊
စည်းကမ်းတကျ နေထိုင်တတ်ဖို့၊ လိမ္မာယဉ်ကျေးတဲ့ ကလေးလေးတွေ ဖြစ်လာဖို့ အတွက် နောက်ထပ်လည်း
အကျိုးပြုစာပေတွေရသလောက်ရေးသားသွားမှာပါ။
ဇော်ဦးငြိမ်း
ဗွီအက်(စ်)နိုင်ပေါလ်၏ စိတ်ကူးရောင်စုံဝတ္ထုတိုများစုစည်းမှုစာမူဖြင့်
ဘာသာပြန်စာပေ (ရသ)
ပထမဆုရ
ကျွန်တော် ဒီဆုကို ယူချင်ခဲ့တာ နှစ်ပေါင်း
၂၆ နှစ်ရှိပါပြီ။ တက္ကသိုလ်ကျောင်းသား ဘဝက တည်းက အဖေ့ရဲ့ တိုက်တွန်းချက်နဲ့လေး၊ ငါးကြိမ်
ဘာသာပြန်ရေးသားခဲ့ပေမယ့် အရွယ်က လည်းငယ်၊ ဗဟုသုတလည်း မပြည့်စုံသေးတာကြောင့် လွဲချော်ခဲ့ရပါတယ်။
ဒီနှစ် မှာတော့ အဖေကလည်း ကျန်းမာရေးမကောင်းနေတာဖြစ်တဲ့အတွက် အဖေသက်ရှိထင်ရှားရှိနေချိန်မှာ
ဒီဆုကို အဖေ့အတွက် ယူပေးမယ် ဆိုပြီးတော့ ဘာသာပြန်ဆိုခဲ့ရာကနေ ဒီဆုကို ရရှိခဲ့တဲ့အတွက်
အဖေ့ အတွက်ရော၊ ဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့ရော၊ ဘာသာပြန်စာပေ မှာလည်း အုတ် တစ်ချပ်
သဲတစ်ပွင့်အနေနဲ့ ပါဝင်နိုင်ပြီဆိုတဲ့ ခံစားချက် နဲ့ရော ပြောမပြတတ်အောင် အတိုင်း မသိ
ဝမ်းသာမိပါတယ်။
ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝကတည်းက
စာတွေ ရေးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် မတ်လ မဟေသီမဂ္ဂဇင်းမှာ ရေးချင်သလို အရေးခံရတဲ့ ဖိနပ်တစ်ရံရဲ့
ရာဇဝင်ဆိုတဲ့ ဝတ္ထုတိုနဲ့ ကျွန်တော် ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်။ ပြီးတော့
လပြည့်ဝန်းမဂ္ဂဇင်း၊ ဓနသိဒ္ဓိမဂ္ဂဇင်းတွေ မှာလည်း အလျဉ်းသင့်သလို စာတွေရေးခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်းတွေမှာလည်း ရေးပါတယ်။ အွန်လိုင်းမှာလည်း
ရေးပါတယ်။ ဘာသာပြန်စာပေ လုပ်ငန်း ကတော့ ကျွန်တော့်ရဲ့ အဓိကစိတ်ဝင်စားတဲ့လုပ်ငန်း ဖြစ်ပါတယ်။
ဘာသာပြန် လုပ်ငန်းကို စိတ်ဝင်စားတဲ့အတွက် တစ်ဖက်က ဝမ်းရေး အတွက် အလုပ်လုပ်နေသလို တစ်ဖက်ကလည်း
ဝါသနာပါရာ စာပေ ရေးသားတဲ့လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - စောရန်နောင်၊ စိမ်းခက်
ဓာတ်ပုံ - ကိုထွဋ်
No comments:
Post a Comment