Friday, April 2, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများကို တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ


နေပြည်တော် ဧပြီ ၁

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၀၉၉၄၉ ဦး၊ အတွင်းလူနာ ၄၀၈၃ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။

ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၅၁၂၈ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၂၇၀၈ ဦး စုစုပေါင်း ၇၈၃၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက် ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့ ( အနက် ၂၇၁၀ ကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ  ၄၁၉၇ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့်ယနေ့အထိ ကလေးငယ် ၆၉၀၇ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

ယင်းသို့ ဒေသခံပြည်သူများကို ဆေးကုသ ပေးနေမှုအခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment