Thursday, December 19, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား ယနေ့မွန်းလွဲ (၃) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားရေးရာ ကိစ္စရပ်များအား ILO , IOM အပါအဝင် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကိစ္စရပ်များအား UNDP , UNHCR , UNFPA တို့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု ရွှေ့ပြောင်းအလုပ် သမားများအား ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပံ့ပိုးကူညီဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် UNDP,UNHCR တို့နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူ (၄၀၀) ကျော်ကိုလည်း စနစ်တကျ နေရာချထားပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ IDP စခန်းများ၌ Mobile Team များဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံရှိ IDP စခန်းများအား ဦးစားပေးအလိုက် ပိတ်သိမ်းနိုင်ရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီပေးနိုင်ရေး အစီအစဉ်များအတွက် ILO, IOM တို့နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် ထိရောက်သော ပံ့ပိုးကူညီမှုဖြစ်စေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများပါ ပေါင်းစပ်ကူညီ ဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment