Wednesday, December 18, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြား



နေပြည်တော် ဒီဇင်ဘာ ၁၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိကြီးများအား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ တွေ့ဆုံပြီး လမ်းညွှန်အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုတိယရဲချုပ်များဖြစ်သည့် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း၊ ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန ကြီးမှူး၊ ရဲရာထူးခန့်ချုပ်၊ ရဲလေ့ကျင့်ရေး အရာရှိချုပ်၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့များမှ ကွပ်ကဲရေးမှူးများ၊ ရဲတပ်ဖွဲ့ အသီးသီးမှ ရဲတပ်ဖွဲ့မှူး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့် ရဲလေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ နောက်ခံသမိုင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခေတ်အဆက်ဆက်ဖွဲ့စည်းပုံ၊ ရည်မှန်းချက် တာဝန်များနှင့် လုပ်ငန်းတာဝန်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်အမှာစကားပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တွေ့ရသည့်အကြောင်းရင်းမှာ ယခုအချိန်တွင် ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေးဆိုသည်မှာ ခွဲခြား၍ ရသည့်အခြေအနေ မရှိတော့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွယ်နေသောကြောင့် အထူးအရေးကြီး ပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယခင်က အခေါ်အဝေါ် Police (ပုလိစ်) (ပုလိပ်) ဆိုသည်မှာ ထိန်းချုပ် သည့် သဘော၊ စောင့်ကြည့်သည့် သဘောဖြစ်ပါကြောင်း၊ ပြည်သူ့ရဲအဖြစ် ပြောင်းခဲ့သည်က ပြည်သူ့ အတွက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိလုပ်ဆောင် ပေးစေလိုသည့်သဘောဟု ထင်ပါကြောင်း၊ ယခု မြန်မာနိုင်ငံရဲဆိုသည်မှာ မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံပြည်သူများနှင့် နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပလုံခြုံရေးကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ခြင်း သဘောဟု ယူဆပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ပါကြောင်း၊ ကိုယ့်အလုပ်ကို တာဝန်ကျေကျေဆောင်ရွက်စေချင်ပါကြောင်း။
တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးသည် ခွဲခြား၍မရပါကြောင်း၊ တရား ဥပဒေစိုးမိုးမှု မရှိဘဲ နိုင်ငံအတွင်းမလုံခြုံနိုင်ပါကြောင်း၊ နိုင်ငံအတွင်းမှီတင်းနေထိုင်သည့် တစ်ဦးချင်း ၏ လုံခြုံရေးသည် တရားဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ ရပ်ရွာအေးချမ်းသာယာမှုရှိမည် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူများက စိတ်ခံစားချက် အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက မျှမျှတတ လုပ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်ပါ ကြောင်း၊ တရားရုံးများသည်လည်း လူ့သဘာဝ အခြေအနေနှင့် ကိုက်ညီအောင် ဥပဒေကို စီမံခန့်ခွဲရခြင်းပင်ဖြစ်ပါကြောင်း။
တရားမျှတခြင်းကို အကြင်နာတရားနှင့် ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ မေတ္တာတရား မရှိဘဲ အေးချမ်းသာယာမှုမရှိနိုင်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန် ဖွံ့ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ ရဲတပ်ဖွဲ့များ ဆိုလျှင် ၎င်းတို့၏ပြည်သူများက ယုံကြည်စိတ်ချအားကိုးကြသည့် ရဲတပ်ဖွဲ့များ ဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ယင်းရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုသည်အထိ စိတ်ချလုံခြုံမှုပေးနိုင်သည့် နိုင်ငံများ သည် အင်မတန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
မိမိတို့ရဲတပ်ဖွဲ့အတွင်းတွင်ရှိသည့် စိတ်နေစိတ်ထားများသည် မိမိတို့လူ့အသိုင်းအဝိုင်း၏ စိတ်နေစိတ်ထားများကို ရောင်ပြန်ဟပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဦးဆောင်ပြီး စိတ်ဓာတ် များကို ပြုပြင်ပေးရမည်ဖြစ်ပါ ကြောင်း၊ ကိုယ်ကစပြီး ပြုပြင်ရမည်ဖြစ်ပါကြောင်း၊ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ပြည်သူလူထု၏လုံခြုံရေးကို ဆောင်ရွက်နေခြင်းကို ပြည်သူကမြင်ပါက ကျေးဇူးတင် တန်ဖိုးထားကြမည်ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက်ပေးရန် အရေးကြီး ပါကြောင်း။
လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါ လိုအပ်သည့် အင်အားကိုပဲသုံးပြီး ကိုယ့်အလုပ်ကိုယ့် တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းသည် တစ်ကမ္ဘာလုံးက လက်ခံထားသည့်စံနှုန်း တစ်ခုဖြစ်ပါကြောင်း၊ လိုအပ်သည်ထက် ပိုသည့်အင်အားသုံးခဲ့ပါက ပြဿနာရှိပါကြောင်း၊ ပြည်သူ လူထု၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပါကြောင်း၊ နောက်တစ်ခုမှာ မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် လူသားများ၏ အကျင့်စာရိတ္တကို ပျက်စီးစေပါကြောင်း၊ မူးယစ်ဆေးဝါးသည် ရာဇဝတ်မှုများနှင့်လည်း ဆက်နွယ်နေပါကြောင်း။
အရှေ့တိုင်းစကားတစ်ခုရှိပါကြောင်း၊ အဆိုးဆုံးအစိုးရသည် ပြည်သူက မုန်းတီးသည့်အစိုးရ၊ နည်းနည်းဆိုးသည့် အစိုးရက ပြည်သူကကြောက်သည့်အစိုးရ၊ နည်းနည်းကောင်းသည်က ပြည်သူက ချီးမွမ်းသည့် အစိုးရ၊ အကောင်းဆုံးအစိုးရဆိုသည်မှာ ပြည်သူလူထုက ရှိမှန်းတောင် မသိသည့် အစိုးရပင်ဖြစ်ပါကြောင်း၊ ပြည်သူလူထုဘဝအေးချမ်းသာယာ လုံခြုံအောင်၊ ပြည်သူကို အနှောက်အယှက်မပေးဘဲ နောက်ကွယ်ကနေ ပြည်သူလူထု လုံခြုံချောမွေ့အောင် လုပ်ဆောင် ပေး သွားခြင်းမျိုးဖြစ်ပါကြောင်း။
ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း ဒါကို သတိပြု မိရန်လိုပါ ကြောင်း၊ ကမ္ဘာကသတ်မှတ်ထားသည့် စံနှုန်းသည် ရဲတစ်ဦးသည် ပြည်သူလူထု လူ( ၄၅၀) ခန့်ကို စောင့်ရှောက် နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရဲတစ်ဦးကို လူ (၁၀၀၀) ကျော်အထိ စောင့်ရှောက်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အပြည့်အဝ မထားနိုင် သည့် ပြဿနာရှိပါကြောင်း၊ ထို့ကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ပိုမိုစိုက်ထုတ် လုပ်ကိုင်နေရမည်ဖြစ် ပါကြောင်း၊ ဒီကြားထဲတွင် ရခိုင်ပြည်နယ်ကို ပိုပြီးလုံခြုံရေး လိုအပ်ချက် အရ ပို့ထားရပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာသည် ဆိုသည့် အမြင်ပြောင်းလာသည်အထိ ကြိုးပမ်းဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။
ပြည်ပအန္တရာယ်နှင့်ပတ်သက်ပြီး လုံခြုံရေး၏ ပထမဆုံး ခံစစ်စည်းမှာ သံတမန်ရေးရာ ဖြစ်ပါကြောင်း၊ သံတမန်ရေးရာနှင့်ကာကွယ်ခြင်းသည် မည်သူ့ကိုမှ ပျက်စီးထိခိုက်မှု မရှိပါကြောင်း၊ ဒုတိယခံစစ်စည်းမှာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ပိုင်းက စစ်ရေးစစ်ရာ ဖြစ်ပါကြောင်း၊ စစ်ရေးစစ်ရာအထိ ရောက်လာ ပါက နှစ်ဖက် အထိအခိုက် အပျက်အစီးရှိမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ဒုတိယခံစစ်စည်းဖြစ်သည့် ဖွံဖြိုးတိုးတက်မှုတံတိုင်း မခိုင်လုံသရွေ့ လုံခြုံရေးရဲတပ်ဖွဲ့ များသည် သာမန်ထက်ပိုပြီး အားစိုက်ဆောင်ရွက်နေရမည်ပင်ဖြစ်ပါကြောင်း၊ လိုအပ်သည့် အချိန် တွင် နိုင်ငံကိုပံ့ပိုးပေးရခြင်းသည် အခွင့်အရေးတစ်ခုပဲဖြစ်ပါကြောင်း၊ နောင်တစ်ခေတ် တွင် ပြည်သ များ ရုန်းကန်စရာမလိုဘဲ မိမိတို့က ပိုမို ခွန်အားစိုက်ပြီး ဖြည့်ဆည်းပေးခဲ့ရမည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကုသိုလ်ပြုနိုင်သည့် အခွင့်အရေးလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ခြင်းက ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် အထူးကြိုး စားရမည်ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘောသဘာဝ မတူပါ ကြောင်း၊ ပြည်သူနှင့် အနီးကပ်ဆက်ဆံသည့်နေရာတွင် နေ့တဓူဝ ပြည်သူ့၏ လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပင် ဖြစ်ပါကြောင်း၊ မိမိ၏တာဝန်သည် မည်မျှကြီးမားသည် ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်စေလိုပါကြောင်း။
အောင်မြင်ခြင်းတရား (၄)ပါးဖြစ်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့နှင့်ညီညွတ်အောင် အထူး ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ အထူးသဖြင့် နိုင်ငံအေးချမ်းသာယာရေးအတွက် နေ့စဉ်ဆောင် ရွက်ရသည့် ရဲတပ်ဖွဲ့ဝင်များသည် ဝီရိယ(၄)ပါး ဖြစ်သည့် စတင်လုပ်ဆောင်မည် ဟု ဆုံးဖြတ်ခြင်း၊ အမှန်တကယ်လုပ်ဆောင် ခြင်း၊ အခက်အခဲများ တွေ့ကြုံနေရသော်လည်း ဆက်လက်လုပ်ဆောင် ခြင်း တို့အပြင် အမြင့်ဆုံးဝီရိယဖြစ်သည့် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ရသော်လည်း ရှုံးနိမ့်မှုများကို ကျော်လွှားပြီး အောင်မြင်အောင် ဆက်လက် လုပ်ဆောင်ခြင်း ဆိုသည့် ဝီရိယများနှင့် ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း။
ယနေ့ခေတ်နည်းပညာမြင့်မားရန် အလွန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းပညာတိုး တက် လာရန်အရေးကြီးပါကြောင်း၊ ယင်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရဲတပ်ဖွဲ့ကို ပံ့ပိုးပေး နေပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်၊ ပြည်သူ၏လိုအပ်ချက်အတွက် နိုင်ငံတော် ဘဏ္ဍာငွေမှ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ကိုပေးပါ ကြောင်း၊ အမှန်တကယ်လိုအပ်ချက်နှင့် မလုံလောက် သော်လည်း တတ်နိုင်သမျှပေးပါကြောင်း၊ နောက်လည်း ထပ်ပေးသွားရန် ရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေဆိုသည်မှာ ပြည်သူကပေးထားသည့် ဘဏ္ဍာငွေ ဖြစ်ခြင်းကြောင့် ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို စိစစ်ပြီး ထိုက်ထိုက်တန်တန် သုံးစွဲရန်လိုအပ်ပါကြောင်း။
လုံခြုံရေးတပ်ဖွဲ့များသည် အခြားဝန်ထမ်း အဖွဲ့အစည်းများထက် ပြည်သူအပေါ် ဩဇာလွှမ်းမိုး သက်ရောက်မှု ရှိပါကြောင်း၊ သို့သော်လည်း ပြည်သူသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုး ဖြစ်အောင်လုပ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူ များ လုံလုံခြုံခြုံနေနိုင်အောင်၊ ရပ်ရွာ တည်ငြိမ်အေးချမ်း သာယာရေး အတွက် လုပ်ဆောင်နေသည်ဟု ပြည်သူကမြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ် ကြောင်း။
အစိုးရဘက်မှ တတ်နိုင်သမျှ ပံ့ပိုးပေးရန်အတွက် ရဲတပ်ဖွဲ့၏ အခက်အခဲကို သိရန်လိုအပ် ပါကြောင်း၊ ယခုဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေး မရှိသည့်နေရာများတွင်၊ ရခိုင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များကျ ဆုံးမှု၊ ထိခိုက်မှုများ ရှိပါကြောင်း၊ ယခုလိုကျဆုံးထိခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ၏ မိသားစုဝင်များ ကိုလည်း ပံ့ပိုးတာဝန်ယူပေးရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျန်ရစ်သူမိသားစုများကို နိုင်ငံတော်က စောင့်ရှောက်ခြင်းအားဖြင့် နိုင်ငံအတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း အသက်ကိုယ်ခန္တာ စွန့်လွှတ်ခဲ့တာကို တန်ဖိုးထား အသိအမှတ်ပြုရာရောက်ပါကြောင်း။
ရဲတပ်ဖွဲ့ဝင်များ ရွေးချယ်သည့်နေရာတွင် စိတ်ပိုင်းဆိုင်ရာစိစစ်သည်ဟု သိရပါကြောင်း၊ ထိုသို့ စိတ်ပိုင်း ဆိုင်ရာစိစစ်ရာတွင် ဩဇာအာဏာရှိသည့်လူတစ်ယောက်၊ ဖြစ်သင့်သည့်စိတ်ဓာတ် ဟုတ် လား၊ ဩဇာရှိသည့် အတွက်၊ လုပ်ပိုင်ခွင့်ရှိသည့်အတွက် အလွဲစဉ်းစားလုပ်မည့် လူမျိုးလား ဆိုသည်ကို စိစစ်ရန်အဓိကဖြစ်ပါကြောင်း၊ စိတ်ဓာတ်ခိုင်မာရန်အတွက် အန္တရာယ်များရင်ဆိုင်ရာတွင် ခံနိုင်ရည်ရှိ/မရှိ စိစစ်ရန်ဖြစ်ပါကြောင်း၊ ခံနိုင်ရည်ဆိုသည်မှာ ဆင်းရဲဒဏ်ခံနိုင်သည့်အရည် အချင်း အပြင် ချမ်းသာဒဏ်ခံနိုင်သည့် အရည်အချင်းရှိရဲ့လား၊ ချမ်းသာဒဏ် ဆိုသည်မှာ လာဘ်ပေးလာဘ် ယူတင်မက ၎င်း၏ရာထူး၊ ၎င်း၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း၊ ရာထူးအပေါ် မွေ့လျော်သွား ခြင်းသည်လည်း ချမ်းသာဒဏ် မခံနိုင်ခြင်း ပဲဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများ ဆိုသည်မှာ လက်ရှိရာထူးကို ထမ်းဆောင် နေစဉ်မှာပဲ လုပ်ပိုင်ခွင့်ရှိပါကြောင်း၊ မိမိထမ်းဆောင်ရမည့် တာဝန် ကြောင့် ပေးထားသည့် အခွင့်အရေး၊ မိမိ၏ရာထူးဖြစ်ပါကြောင်း၊ တစ်သက်တာပေးထားခြင်း မဟုတ်ပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းများ ဆင်းရဲ၊ ချမ်းသာဒဏ်နှစ်ခုကိုခံနိုင်ရန် အထူးအရေးကြီးပါကြောင်း။
ယနေ့ခေတ်တွင် လုပ်ဆောင်ချက်များသည် နောင်ခေတ်အဆက်ဆက်အတွက် အမွေအနှစ် အဖြစ် ကျန်ခဲ့ မည်ဖြစ်ပါကြောင်း၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ကိုယ့်သမိုင်းတွင် ဂုဏ်ယူစရာ အချက်များရှိခဲ့လျှင် ပိုပြီးအင်အားရှိပါကြောင်း၊ နောင်လာနောင်သားများအတွက် ပိုပြီးတန်ဖိုးရှိသည့် အမွေအနှစ်များ ထားပစ်ခဲ့ရန် အရေးကြီးပါကြောင်း၊ နောက်တစ်ခုမှာ ရဲတပ်ဖွဲ့၏လိုအပ်ချက်များကို ရဲတပ်ဖွဲ့ဝင်များ အသိဆုံးပဲဖြစ်ပါကြောင်း၊ အစိုးရက မည်သည့် အရာများပံ့ပိုးပေးရမည်ဆိုသည်ကို တင်ပြစေလိုချင်ပါကြောင်း၊ ယခုတွေ့ဆုံပွဲကို တက်ရောက် လာကြသူများသည် ရဲတပ်ဖွဲ့မှ ရာထူး တာဝန် အကြီးမားဆုံးပုဂ္ဂိုလ်များဖြစ်သည့်အတွက် လက်အောက်က ကိုယ့်ကို မှန်မှန်ကန်ကန်တင်ပြ ရဲအောင် ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်း ရှိနေစေလိုပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံအပေါ် သစ္စာစောင့်သိရာတွင် ပြည်သူ၊ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့်အစိုးရ၊ မိမိ၏အဖွဲ့အစည်းတို့ကို သစ္စာစောင့်သိခြင်းတို့ဖြင့် မိမိတို့တာဝန်များကို ကျေပွန်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြည်ထဲရေး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင် ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးများသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာအတူ သုံးဆောင်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment