Thursday, December 19, 2019

(၁၁)ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ညွှန်ကြားရေး မှူးချုပ်အဆင့် ကောင်စစ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈
(၁၁)ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား၊ ညွှန်ကြားရေး မှူးချုပ် အဆင့် ကောင်စစ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပသည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Cui Aimin တို့က ဦးဆောင် ကျင်းပခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာ ဦးစီးဌာနမှ အရာထမ်းများ၊ ရန်ကုန်မြို့ တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ ကြသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ကောင်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန် အတွက် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအား အခြေခံလျက် နှစ်နိုင်ငံ ကုန်းလမ်း ဝင်/ထွက် ပေါက်များမှတစ်ဆင့် နှစ်ဖက်ပြည်သူများ တရားဝင် ဝင်/ထွက် ပေါက်ခွင့်ရရှိ ရေး၊ တရုတ်နိုင်ငံရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်း ထားရှိသည့် မြန်မာနိုင်ငံသား အကျဉ်းသား များအား ဥပဒေနှင့်အညီ စောင့်ရှောက်ပေးရေး၊ မြန်မာနိုင်ငံအတွင်း တရုတ် နိုင်ငံသားများနှင့် တရုတ် ခရီးသွားဧည့်သည်များအား ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နယ်စပ်ဒေသ တစ်လျှောက် ဆိုက်ဘာမှုခင်းများ၊ လူကုန်ကူးမှု၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး ပြဿနာ များအား ပူးပေါင်းတိုက်ဖျက်ရေး၊ ခရီးသွားလာရေးကဏ္ဍတွင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေရေးစသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မှု အလားအလာများ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment