Thursday, December 19, 2019

မက်ဒရစ်မြို့၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်



နေပြည်တော် ဒီဇင်ဘာ ၁၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့သည်။

အဆိုပါအစည်းအဝေးအား စပိန်နိုင်ငံ၏ ဆဋ္ဌမမြောက်ဘုရင် ဖီလစ်ပီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အေဆမ်အဖွဲ့ဝင်နိုင်ငံပေါင်း ၅၁ နိုင်ငံနှင့် ဥရောပသမဂ္ဂနှင့် အာဆီယံအတွင်းရေး မှူးချုပ်ရုံးတို့မှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ကျင်းပသော အေဆမ်နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စပိန်နိုင်ငံ၊ နိုင်ငံခြားရေး၊ ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးရာဝန်ကြီးဌာန၏ ခေတ္တဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၆ တွင် “Revitalizing the multilateral system-advancing the ASEM partnership on global issues" ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးမှုအစီအစဉ်တွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ကမ္ဘာတစ်ဝန်း လျင်မြန်သော ပြောင်းလဲမှု များနှင့် ကြုံတွေ့နေရ သည့် ကာလတွင် အာရှနှင့် ဥရောပအကြား ဆက်ဆံရေးတိုးမြှင့်ရာ၌ အေဆမ်၏ အခန်းကဏ္ဍ ပိုမိုအရေး ပါလာကြောင်း၊ ရာသီဥတုပြောင်းလဲခြင်း အပါအဝင် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကို ရင်ဆိုင်ဖြေရှင်းရာ၌ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အခန်းကဏ္ဍ ပိုမိုအရေးပါလာကြောင်း၊ မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကြုံတွေ့ နေမှုများအား သက်သာလျော့ပါး စေရန်နှင့် လိုက်လျော ညီထွေဖြစ်စေရန်တို့အတွက် ကာကွယ်သည့် အစီအစဉ်များ ကြိုးပမ်းဆောင် ရွက်နေကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးပေးမှုများသည် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များနှင့် ကိုက်ညီရေးသည် အထူးအရေးကြီးကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါမူများနှင့် သက်ဆိုင်မှုရှိသည့် နိုင်ငံတကာ ဥပဒေများအား လေးစားလိုက်နာရေးမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် ထိန်းသိမ်း ဆောင်ရွက်ရာတွင် အရေးကြီးကြောင်း၊ သို့သော် တစ်ချိန်တည်းတွင် နိုင်ငံတကာ ဥပဒေအား ကျင့်သုံးရာ၌ သာတူညီမျှရှိစေရေး၊ သမာသမတ်ရှိ၍ ဘက်မလိုက်ရေးနှင့် စံနှုန်းနှစ်မျိုးဖြင့် ဆက်ဆံမှုမရှိစေရေး တို့အား အခြေခံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သမာသမတ်ရှိပြီး လွတ်လပ်စွာဆောင်ရွက်ရေး၊ ဘက်မလိုက်ရေးနှင့် ဂုဏ်သိက္ခာရှိရေး စသည့်မူများနှင့်အညီ ဆောင်ရွက်ရန် အားထုတ်မှု နည်းသူ များအား တာဝန်ပေးအပ်မှုကဲ့သို့သော လွဲမှားသောလုပ်ရပ်များအား ပြုပြင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဥရောပသမဂ္ဂ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒ အကြီးအကဲ Mr.Josep Borrell က သဘာပတိအဖြစ် ဆောင်ရွက်သည့် အလုပ်သဘော နေ့လယ်စာစားပွဲ (Retreat Session) သို့ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းများအကြား အကြမ်းဖက် တိုက်ခိုက်မှုများ၏ နှစ်ပေါင်းရာစုချီသော ကာလမှစတင်ခဲ့သော နောက်ခံ သမိုင်းကြောင်း ဖြစ်ရပ်မှန် အခြေအနေများ၊ မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တာဝန်ခံမှုရှိစေရေးအတွက် ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေမှု ကိစ္စရပ် များကို အသိပေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မက်ဒရစ်မြို့၌ ရှိနေစဉ်အတွင်း အာဆီယံ အတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi နှင့် ရခိုင်ပြည်နယ်တွင် ပြန်လည် လက်ခံရေးဆိုင်ရာ ဦးစားပေး စီမံကိန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ အိမ်ရှင် စပိန်နိုင်ငံ၊ နိုင်ငံခြားရေး၊ ဥရောပ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးရာဝန်ကြီးဌာန၏ ခေတ္တ ဝန်ကြီးအဖြစ် တာဝန်ယူထားသောMr. Fernando M. Valenzuela Marzo နှင့်သီးခြား တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ပြီး 9th Model ASEM သို့ တက်ရောက်လာသည့် မြန်မာလူငယ် ကိုယ်စားလှယ် သုံးဦးနှင့်လည်း တွေ့ဆုံ ခဲ့သည်။ အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်ဇေယျနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အာရှ-ဥရောပ ဆွေးနွေးပွဲ အေဆမ်သည် ၁၉၉၆ ခုနှစ်တွင် အာရှနှင့် ဥရောပ အကြား အလွတ် သဘောအပြန်အလှန်ဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ဥရောပမှ နိုင်ငံ ၃၀ နှင့် အာရှမှ ၂၁ နိုင်ငံ စုစုပေါင်း ၅၁ နိုင်ငံနှင့် အဖွဲ့ အစည်း နှစ်ခုဖြစ်သည့် ဥရောပ သမဂ္ဂနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပါဝင်သည်။ အေဆမ်ထိပ်သီး ညီလာခံအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ သွားရန်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment