Wednesday, December 18, 2019

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၁၈
အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမျိုးသားဇီဝ လုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့် လမ်းညွှန် ချက်များကို ပြဌာန်းပြီး စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းသည့် အစားအစာများ ရရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှု မရှိစေရေးအတွက် ခေတ်မီဇီဝ နည်းပညာများအး ပွင့်လင်းမြင်သာစွာ အကျိုးရှိရှိ အသုံးပြု လာနိုင်မည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများနည်းတူ ဇီဝနည်းပညာ ရပ်များအား အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် လိုအပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ချမှတ်ထိန်းကျောင်း နိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ဗီဇ ပြုပြင်ထားသည့် မျိုးစေ့၊ စားသောက်ကုန်နှင့် ဗီဇပြုပြင်ထားသည့် ထွက်ကုန်များကို လက်ခံ အသုံးပြုလာမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း ဗီဇပြုပြင်သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များ စသည်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်မှုကဲ့သို့သော စိန်ခေါ်မှုများကို အနှေးနှင့် အမြန် ကြုံတွေ့ လာနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအား ထိရောက်စွာ အကောင် အထည် ဖော်ရာတွင် တိုးတက်လာသည့် နည်းပညာ များကို အကျိုးရှိ စွာ အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ် အနည်းဆုံးဖြစ်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျော ညီထွေမှုရှိပြီး နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီ သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒများ ရေးဆွဲ ပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က လက်ရှိ ရေးဆွဲပြီး စီးပြီးသော ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် ရှေ့ဆက်ဆောင်ရွက်ရန် စီမံထားရှိ မှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များက အမျိုးသားဇီဝ လုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြုံပြု ဆွေးနွေး ကြသည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗန်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး(UNEP)နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (GEF)တို့၏ အကူအညီဖြင့် ၂၀၀၄ ခုနှစ် တွင် စတင်ရေးဆွဲခဲ့ပြီး ထုတ်ပြန်နိုင်ခြင်း မရှိခဲ့သော မူကြမ်းအပေါ်တိုးတက်လာသော နည်းပညာရပ် များနှင့် ဆီလျော်မှုရှိစေရန် ခေတ်ကာလနှင့်အညီ ရေးဆွဲပြဌာန်းနိုင်ရေးအတွက် အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒမူကြမ်း အလုပ်ရုံဆွေးနွေးပွဲများကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID နှင့်International Service for the Acquisition of Agri-biotech Applications- ISAAA တို့၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွင်း ၄ ကြိမ်ပြုလုပ်ခဲ့ကာ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပဉ္စမမူကြမ်း အတည်ပြုနိုင်ရေး ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment