Monday, October 7, 2019

၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ် တင်သွင်း ခွင့် ထောက်ခံချက်ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားသည့် ယာဉ်စီးရေ ၈၀ ခန့်ရှိ


ရန်ကုန် အောက်တိုဘာ ၆

၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ် တင်သွင်းခွင့် ထောက်ခံချက်ထုတ်ယူရန် YRTA သို့ လာရောက် တင်ပြထားသည့် အစီးရေ ၈၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

"လောလောဆယ် ကျွန်တော်တို့ဆီကို စီးတီးဘတ်စ် ၇၅ စီးနဲ့ မီနီဘတ်စ် တစ်စီးကတော့ အပ်ခွင့်အတွက် တင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ စိစစ်ပြီးရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စိစစ် ထောက်ခံချက်ဖြင့် အထူး ကိစ္စရပ်အနေနဲ့ အပ်နှံခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့ အပ်နှံခွင့်ရရှိရေးကို ဆက်လက်ဆောင်ရွက်ပေး သွားပါ မယ်"ဟု ဦးလှအောင်က ပြောသည်။
ခွင့်ပြုပေးခဲ့
လက်ရှိ YBS ယာဉ်များအတွင်းတွင် မြို့တော်အင်္ဂါရပ်နှင့် မညီသော စက်စွမ်းအား ကျဆင်းပြီး ကြံ့ခိုင်မူမရှိသည့် ယာဉ်များနှင့် လုပ်ငန်း မလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အပ်နှံပါက လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက် ရရှိရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြမှုကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
"ယာဉ်ပိုင်ရှင်က ဒီကားဟောင်းကြီးတစ်စီးကို သူ့အနေနဲ့ ညီညွတ်မျှတတဲ့ တန်ရာတန်ကြေးရဖို့ အဲဒီရတဲ့ ငွေနဲ့ ကုမ္ပဏီမှာ ရှယ်ယာဝင်လို့ရမယ်။ ဒါ သူ့ကို ရင်းနှီး မြှုပ်နှံဖို့အတွက် လမ်းကြောင်းဖော်ပေးတာ၊ တကယ်လို့ မဝင်ချင်တော့ဘူးဆိုရင်လည်း ညီညွတ်မျှတတဲ့ ယာဉ်အတွက် တန်ရာ တန်ကြေးတစ်ခု သူ့ကိုရအောင် စီမံဆောင်ရွက် ပေးတာ၊ ဒါ့ကြောင့် အပ်နှံခွင့်ပေးတာတောင် အထူးကိစ္စ တစ်ရပ်အနေနဲ့ အပ်နှံခွင့်ပေး တာဖြစ် ပါတယ်" ဟု ဦးလှအောင် က ဆက်ပြောသည်။
အဆင်ပြေ
ထိုသို့ အပ်နှံခွင့်ပေးခြင်းဖြင့် လုပ်ငန်းခွင်မဝင်နိုင်သည့် မြေစိုက်နေသော ယာဉ်များ၏ ပိုင်ရှင်များအတွက် အဆင် ပြေကြောင်း Power Eleven အများပိုင်ယာဉ်လိုင်းကော်မတီမှ မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။
အဆိုပါ အပ်နှံခွင့်နှင့်ပတ်သက်၍လည်း ယာဉ်လိုင်းများကို အသိပေးပြီး ဖြစ်ပြီး လက်ရှိ စာရင်းများအရ ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS အစီးရေမှာ ၇၀၀ ကျော်ရှိကြောင်း သိရသည်။
ထိုသို့ ဘတ်စ်ကားများ အပ်နှံ၍ လူစီးယာဉ်တင်သွင်း မည်ဆိုပါက ယင်းဘတ်စ်ကားရှိ သဘာဝဓာတ်ငွေ့(CNG)များကို ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
CNG ကို ပြန်လည်အပ်နှံ
"CNG သည် ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင် ရေးအတွက် ပေးထားတာပါ။ အခု ၁၉၉၉-၂၀၀၃ ခုနှစ် အပ်လို့ လူစီးယာဉ်တင်သွင်းခွင့် ရတဲ့အတွက် အဲဒီယာဉ်တွေ အားလုံးသည် CNG ကို ပြန်လည်အပ်နှံ ခဲ့ရမှာ ဖြစ်ပါတယ်။ ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေး မဟုတ်တဲ့ ဟာ ပြောင်းလဲသွားလို့ရှိရင် အဲဒီယာဉ်တွေအားလုံးသည် CNG အပ်ရပါမယ်" ဟု ဦးလှအောင်က ပြောသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုကို ၂၀၁၁ ခုနှစ်မှ စ၍ အပ်နှံခွင့်ပြုထားသော်လည်း ယနေ့အချိန်ထိ ၁၉၉၉ ခုနှစ် ကားများသာ အပ်နှံခွင့်ရရှိသေးကြောင်း၊ ထိုသို့ အပ်နှံရာတွင်လည်း ဘက်စ်ကားအပ်နှံလျှင် ဘက်စ်ကားတင်သွင်းခွင့်၊ ထရပ်ကားအပ်နှံလျှင် ထရပ်ကား တင်သွင်းခွင့်၊ လူစီးယာဉ်အပ်နှံလျှင် လူစီးယာဉ်တင်သွင်းခွင့် ပေးသည့်စနစ်ဖြင့် နှစ်၂၀ အခြေခံသည့်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ငြိမ်းငြိမ်း

No comments:

Post a Comment