အစိုးရရှေ့နေ၏ တာဝန်
▲ ရဲတာဝန် ▲
ရဲတာဝန်၊ ရဲအလုပ်အကြောင်း ပြီးခဲ့သော အပတ်က ကျွန်တော်ရေးခဲ့ပြီးပါပြီ။
ဤတစ်ပတ် တွင် အစိုးရရှေ့နေ၏ တာဝန်အကြောင်း ရေးပါရ စေ။ ရဲ၊ တရားသူကြီး၊
အစိုးရရှေ့နေ (ဥပဒေ အရာရှိ)၊ တရားခံရှေ့နေတို့သည် လုပ်ဖော် ကိုင်ဖက်များ
ဖြစ်ကြပါသည်။ တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားသူများဟု ဆိုလျှင်လည်း
မမှားနိုင်ပါ။ ဆက်စပ်ပတ်သက်နေကြပါသည်။ ပူးပေါင်းတာဝန်ယူရသူ များလည်း
ဖြစ်ပါသည်။ တရားစီရင်ရေးကဏ္ဍမှာ စုပေါင်းတာဝန်ယူ၊ တာဝန်ခံသူများပါခင်ဗျာ။
တစ်ဦးဦး က တာဝန် ပျက်လျှင် အားလုံးပျက် တတ်ပါသည်။
▲ အစိုးရရှေ့နေ ▲
အစိုးရရှေ့နေအကြောင်းရေးရလျှင် ရာဇဝတ် ကျင့်ထုံး ၄၉၂ က စရပါလိမ့် မည်။
မူလပြဋ္ဌာန်း ချက်ပါပဲ။ အစိုးရရှေ့နေကို ရာဇဝတ်ကျင့်ထုံးတွင် Public
Prosecutor ဟု ခေါ်ဝေါ်သည်။ ပြဋ္ဌာန်းပါ သည်။ အစိုးရရှေ့နေများ
ခန့်ထားနိုင်သည့် အာဏာမှာ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၂ ဖြစ်ပါ သည်။
၄၉၂ (၁)။ (၁) နိုင်ငံတော်သမ္မတသည် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သီးခြား ဖော်ပြထားသော အရာရှိ သို့မဟုတ် အာဏာပိုင်သည် မည်သည့်ဒေသမဆို ယေဘုယျအားဖြင့် ဖြစ်စေ၊ အမှုတစ်ခုခုတွင်ဖြစ်စေ၊ သီးခြားဖော်ပြ ထားသည့် အမှုအမျိုးအစား အတွက်ဖြစ်စေ၊ အစိုးရရှေ့နေများဟုခေါ်တွင်သော တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသော အရာရှိများကို ခန့်ထားနိုင်သည်။
၄၉၂ (၁)။ (၁) နိုင်ငံတော်သမ္မတသည် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သီးခြား ဖော်ပြထားသော အရာရှိ သို့မဟုတ် အာဏာပိုင်သည် မည်သည့်ဒေသမဆို ယေဘုယျအားဖြင့် ဖြစ်စေ၊ အမှုတစ်ခုခုတွင်ဖြစ်စေ၊ သီးခြားဖော်ပြ ထားသည့် အမှုအမျိုးအစား အတွက်ဖြစ်စေ၊ အစိုးရရှေ့နေများဟုခေါ်တွင်သော တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသော အရာရှိများကို ခန့်ထားနိုင်သည်။
(၂) ခရိုင်ရာဇဝတ်
တရားသူကြီးသည် သို့မဟုတ် ခရိုင်ရာဇဝတ် တရားသူကြီး၏ ကြီးကြပ်ကွပ် ကဲမှုဖြင့်
နယ်ပိုင်ရာဇဝတ်တရား သူကြီးသည် အစိုးရရှေ့နေမရှိသည့်အခါဖြစ်စေ၊
အစိုးရရှေ့နေခန့် ထားပြီး မဟုတ်သည့်အခါ ဖြစ်စေ ဤကိစ္စအလို့ငှာ
နိုင်ငံတော်သမ္မတက သတ်မှတ်သည့် ရာထူးအဆင့်အတန်းအောက်နိမ့်သော ရဲအရာရှိ
မဟုတ်သူ အခြားမည်သူ့ကို မဆို အမှုတစ်မှု ကိစ္စအလို့ငှာ အစိုးရရှေ့နေအဖြစ်
ခန့်ထားနိုင်သည်။
▲ မိတ်ဆွေဟောင်းများ ▲
ကျွန်တော်ဥပဒေအရာရှိဖြစ်ခါစတွင် ဧရာ ဝတီတိုင်းဒေသကြီး ဘိုကလေးမြို့သို့
တာဝန်ကျသည်။ အစိုးရရှေ့နေ (ဥပဒေဝန်ထမ်း) မခန့်ထား နိုင်မီကာလ (၁၉၇၂၊ ၁၉၇၃)
ဖြစ်ပါသည်။ ဘိုကလေးမြို့တွင် ဥပဒေဝန်ထမ်း မခန့်နိုင်သေး မီကာလတွင်
အထက်တန်းရှေ့နေ ဦးမြမောင် (အသက် ၇၀ အရွယ်)နှင့် တွေ့ဆုံရသည်။ ဦးမြမောင်သည်
ဘိုကလေးမြို့၏ အစိုးရရှေ့နေ ကြီးဖြစ်သည်။ အစိုးရက ရာဇဝတ်ကျင့်ထုံး ၄၉၂ အရ
ခန့်ထားခံရသူပါ။ လုပ်သက်ကျွမ်း၍၊ ဥပဒေ ကျွမ်းနေပြီ။ ထိုခေတ်စကားနှင့်
ပြောကြပါစို့။ (ဆွဲချ) ပီသလွန်းသော အစိုးရရှေ့နေကြီးပါ။ ထိုဆရာကြီးထံမှ
အမှုတွဲများ (ရဲစက္ကူများ)ကို တာဝန်အရ ကျွန်တော် (ဥပဒေဝန်ထမ်း အဆင့်-၄)က
လွှဲပြောင်းယူခဲ့ရသည်။ ယနေ့တိုင် မမေ့ နိုင်။ မိတ်ဆွေဟောင်းကြီးဟု
ဆိုကြပါစို့။
▲ အတွေ့အကြုံဟောင်းများ ▲
အစိုးရရှေ့နေကြီး
ဦးမြမောင်နှင့်အတူ C-P.O (တရားလိုဘက် ရဲအရာရှိ) များနှင့်ပါ ဆုံခဲ့ ရသည်။
သူတို့၏ အစိုးရရှေ့နေ၊ တရားလိုဘက် အမှုလိုက်အတွေ့အကြုံများ မနည်းလှပါ။
အလုပ်လွှဲယူသူ အရာရှိပေါက်စက လေ့လာ သင်ယူခဲ့ရပါသည်။ အစိုးရရှေ့နေ၏ တာဝန်က
ဘာလဲ။
▲ ယနေ့ဥပဒေအရာရှိ ▲
၁၉၇၃-၇၄ ခုနှစ်တွင်
ပြည်သူ့ဥပဒေအကျိုး ဆောင်အဖွဲ့က ခန့်ထားသော ဥပဒေဝန်ထမ်း (ဥပဒေအရာရှိ)တွေ
ပေါ်လာပြီ။ စနစ်သစ် ဥပဒေဝန်ထမ်း များ သည် အစိုးရရှေ့နေများ ဖြစ်လာသည်။
ကျွန်တော်တို့ တစ်ခေတ် အကြောင်း ရေးစရာတွေ အလွန်များလှ သည်။
ပြည်သူ့တရားစီရင်ရေး စနစ်၊ (သုံးဦးထိုင်ခေတ်)မှ သည်(တစ်ဦးထိုင်ခေတ်) အထိ
ခေတ်စနစ် တွေပြောင်း၊ အလုပ်ကတော့ ဒီအလုပ်၊ တာဝန်ကတော့ ဒီတာဝန် ပါပဲ။
အကျယ်မရေးမီ တရားစီရင်ထုံးများမှ အစိုးရ ရှေ့နေများအပေါ်
သုံးသပ်ချက်အမြင်များ ကောက်နုတ် တင်ပြပါရစေ...။
▲ တရားခံအား နှိပ်စက်ရန် ▲
တရားခံအား အစိုးရရှေ့နေကဖြစ်စေ၊ ရုံးကဖြစ်စေ ပြောကြားရန်၊ အကြံပေးရန်
တာဝန်မရှိသော်လည်း အစိုးရရှေ့နေနှင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့်
အရာရှိများ၏ တာဝန်မှာ တရားခံအား နှိပ်စက်ရန်၊ အပြစ်ပေးရန် မဟုတ်ကြောင်း
နားလည်စေပြီး ရဲထံစစ်ချက်နှင့် ရုံးရှေ့ထွက်ချက်တို့ ကွဲလွဲနေ လျှင်
တရားခံက ရဲထံ အစစ်ခံချက်မိတ္တူကို ရုံးသို့ လျှောက်ထားနိုင်ကြောင်း
သတိပေးသင့်သည်။
▲ အစိုးရရှေ့နေ၏ တာဝန် ▲
အစိုးရဘက်မှ အမှုကို
မျှမျှတတ ဆောင်ရွက်ရန်မှာ အစိုးရရှေ့နေ၏ တာဝန်ဖြစ်သည်။ ရည်ရွယ်ချက်မှာ
အမှုမမှန်ကန်ဘဲ အပြစ်ရရှိရန် မဟုတ်။ အစိုးရ ကိုယ်စားပြု၍ တရားရေးမဏ္ဍိုင်
တည့်မတ် စေရေး ဆောင်ရွက်ရန် တာဝန်ရှိသည်။ သက်သေများကို ခေါ်သင့်၊ မခေါ်သင့်
အစိုးရရှေ့နေက ဆင်ခြင်သည့်အခါ ဤရည်ရွယ်ချက်ကို စွဲမှတ်ထား ရမည် ဟု ဆိုသည်။
အစိုးရရှေ့နေ၏ တာဝန်မှာ အမှုလိုက်ပါရာ၌ မျှမျှတတ ရှိရန် လိုသည်။
အမှုမမှန်ကန်ဟု ယုံကြည်လျှင် အမှုကို ရုပ်သိမ်း ရန်ဖြစ်သည်။ စစ်ဆေးရန်
ကျန်သည့်သက်သေကို မယုံ၍ ပယ်လျှင်လည်း တရားခံပြ သက်သေအဖြစ် ခေါ်လိုက
ခေါ်နိုင်ရန် ရုံးသို့ တင်ပြသင့်သည်။
▲ ရိုးဖြောင့်စွာ ညွှန်ပြခြင်း ▲
ဆီများတွင် ရေနွေးရောစပ်ထားသည်ဟုဆိုကာ ပပက စာရေးတစ်ဦးအား အစားအသောက်နှင့်
ဆေးဝါး ပြင်ဆင်ချက် အက်ဥပဒေအရ အပြစ်ပေးသည်မှာ
မှားယွင်းကြောင်းတွေ့ရှိသဖြင့် အစိုးရရှေ့နေကြီးက ထိုပြစ်ဒဏ်မှာ မှားယွင်း၍
ပယ်ဖျက်သင့်ကြောင်း ပြောကြားသည်။ ဥပဒေအရ လွဲမှား၍ အပြစ်ပေး
ထားသည်ကိုတွေ့ရှိလျှင် ဤသို့ ရိုးဖြောင့်စွာ ညွှန်ပြခြင်းသည်
အစိုးရရှေ့နေကြီးများ၏ တာဝန် ဝတ္တရားလည်းဖြစ်သည်။ တရားရုံးများက အမှုမှန်
ကို ရှာဖွေရာ၌ အထောက်အကူပြုရာလည်း ရောက်သည်။ ရှေ့နေကြီးများ၏ ကျင့်ဝတ်နှင့်
လည်း ညီသည်။
▲ တရားလိုသည် နိုင်ငံတော် ▲
ပြစ်မှုဆိုင်ရာအမှုများတွင် တရားလိုသည် နိုင်ငံတော်ဖြစ်သောကြောင့်
နိုင်ငံတော်ကိုယ်စား ရုံးအမှုလိုက် ရဲအရာရှိ (သို့မဟုတ်) ဥပဒေဝန်ထမ်း ကသာ
ဆောင်ရွက်ခွင့်ရှိသည်။ တရားရုံးသို့ တိုက်ရိုက်လျှောက်ထားသော အမှုတွင်
တရားလို ရှိနေလျှင် အကျိုးဆောင် ကိုယ်စားလှယ်လွှဲခြင်း များ
ပြုလုပ်နိုင်သော်လည်း တရားလိုသေလျှင် ယင်းကိုယ်စား အမှုကို
ဆောင်ရွက်ခွင့်မရှိ။
▲ ဥပဒေပြဋ္ဌာန်းချက်မရှိ ▲
ပြစ်မှုများတွင် ဥပဒေသဘောအရ တရားလို သည် အစိုးရသာဖြစ်သဖြင့် ၊
တိုင်သူသေဆုံးသွား သော်လည်း အမှုရပ်ဆိုင်းသွားခြင်း မရှိသည် သာမက
သေဆုံးသူကိုယ်စား အခြားသူတစ်ဦးကို တရားလိုအဖြစ် အစားထိုးရန် မလို။ ထိုသို့
အစားထိုးရန် ဥပဒေပြဋ္ဌာန်းချက်မရှိ။ အမှုကို တရားရုံးက ဥပဒေနှင့်အညီ
ဆက်လက်စစ်ဆေးစီရင်ရန်သာ ဖြစ်သည်။
▲ လျှောက်လဲနိုင်သည် ▲
အစိုးရရှေ့နေသည် မိမိတာဝန်ယူရသည့် မည်သည့်အမှုတွင်မဆို ပြုလုပ်မှုသည်
စုံစမ်း စစ်ဆေးမှု၊ စစ်ဆေးစီရင်မှု (သို့မဟုတ်) အယူခံအမှု ၌ အမိန့်စာမပါဘဲ
မည်သည့်တရားရုံးရှေ့မဆို ရောက်ရှိ၍ အမှုလိုက်ပါဆောင်ရွက် လျှောက်လဲ
နိုင်သည်။
(ရာဇဝတ်ကျင့်ထုံး-၄၉၃)
ပုဂ္ဂလိက ငှားရမ်းသောရှေ့နေ
ပုဂ္ဂလိက ငှားရမ်းသောရှေ့နေ
တစ်ဦးတစ်ယောက်က အခြားတစ်ဦးကို မည်သည့်တရားရုံးတွင်မဆို အမှုစွဲဆိုရန်
ရှေ့နေ တစ်ဦးကို ငှားရမ်းလျှင်လည်း အစိုးရရှေ့နေကပင် တရားစွဲဆိုမှုကို
ဆောင်ရွက်ရမည်။ ငှားရမ်းသည့် ရှေ့နေသည် ထိုအမှုတွင် အစိုးရရှေ့နေ၏
ညွှန်ကြားမှုများအရ ဆောင်ရွက်ရမည်ဟု ရာဇဝတ် ကျင့်ထုံးပုဒ်မ ၄၉၃ တွင် အတိအကျ
ပြဋ္ဌာန်းသည်။ ထိုသို့ ပြဋ္ဌာန်းထားပါလျက် အစိုးရရှေ့နေ(ဥပဒေ အရာရှိ)၏
ညွှန်ကြားမှုကို မနာခံသော ရှေ့နေ အချို့ရှိကြောင်း ကြားသိရသည်။
မဖြစ်သင့်ပါ။ ပုဂ္ဂလိက ငှားရမ်းသည့်ရှေ့နေအချို့ သတိပြုသင့် သည်။
ကျင့်ထုံးနှင့်အညီသာ လိုက်နာသင့် ကြသည်။
စေတနာ
အစိုးရရှေ့နေ၏ တာဝန်အကြောင်း အကျဉ်း မျှသာ တွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။
ဦးဟန်ညွန့်(ဥပဒေ)

No comments:
Post a Comment