ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက် အပံ့ပေးရေး၊
ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှာ
နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ UEHRD သည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံသည့်
အမျိုးသားရေးလှုပ် ရှားမှုဖြစ်သည်။ ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုတွင်
ဖြစ်ပေါ်နေသည့်အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတစ်ရပ်ကို စုပေါင်းစွမ်းအားဖြင့်
ကြိုးပမ်းဖြေရှင်းနေခြင်းလည်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်
ပဋိပက္ခဖြစ်စဉ်များနှင့် ယင်း ဖြစ်စဉ်များ၏ အကျိုးဆက်များကို
ဖြေရှင်းရန်မှာ ခက်ခဲနက်နဲ ရှုပ်ထွေး သလို သမိုင်းကြောင်းနှင့် ချီ၍
နှစ်ပေါင်းရှည်ကြာ အမြစ် တွယ်လာသည့် ပြဿနာများမှာလည်း
အချိန်ယူဖြေရှင်းသွားကြ ရန် လိုအပ်သည်။
UEHRD ကို ဖွဲ့စည်းရာတွင်
လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့များ ထိထိရောက်ရောက် ပေးနိုင်ရန်၊
နေရပ် စွန့်ခွာသူများ ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်များနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များတွင် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးရန်၊ ပဋိပက္ခဖြစ်စဉ်များတွင် ပြေလည်စွာ ညှိနှိုင်း
အဖြေရှာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက် အဝန်းများအတွက်
ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်
ရွက်ရန်ရည်ရွယ်ချက်များဖြင့် ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့တာဝန် ရှိသူများ၊
ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်သူများ၊ ပြည်တွင်းမှ NGO,
soများအပြင်မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOs များပါ
ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်နေကြခြင်း ဖြစ်သည်။
အထူးသဖြင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် အာဆီယံသည် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်ကာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သတင်းအချက်အလက်များ ဖြန့်ဝေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ရေရှည်ပဋိပက္ခများ ကင်းဝေးစေရန်မှာ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက လိုအပ်ချက်၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ် သည်။ ပြန်လည်ဝင်ရောက်လာမည့်သူများ၊ ဒေသတွင်းနေထိုင်သူများအတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်သည်။ စားဝတ် နေရေး အဆင်ပြေစေရန်မှာ ကူညီထောက်ပံ့ခြင်း သည် ရေတို အတွက်သာဖြစ်ပြီး ရေရှည်ရပ်တည်နိုင်ရန်မှာမူ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ အသက်မွေးပညာများ တတ်မြောက်အောင် သင်ကြားပေးရန်တို့ လိုအပ်သည်။ ရခိုင်ပြည်နယ်၏ လူမှုစီးပွားတိုးတက်ရေး (Socio-Economic Development) ၊ လူမှုသဟဇာတဖြစ်ရေး (Social Cohesion)၊ တရား ဥပဒေစိုးမိုးရေး (Rule of Law) တို့ကို တည်ဆောက်ကြရာတွင် ပြည်တွင်း အင်အားသည်သာ အဓိကဖြစ်သည်။
"ရခိုင်ပြည်နယ်မှာ အခုဖြစ်ပွားနေတဲ့ ပြဿနာတွေကို နိုင်ငံသူ နိုင်ငံသားများ၊
ပြည်ထောင်စု သားသမီးများအားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့
ဖြေရှင်းနိုင်မယ်ဆိုရင် နောင်လာနောက်သားတွေ အတွက်
အင်မတန်မှတန်ဖိုးဖြတ်လို့မရတဲ့ အမွေအနှစ်တွေ ဖြစ်မှာပါ။ ဘယ်လိုအမွေ
အနှစ်မျိုးလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ အမွေအနှစ်မျိုးဖြစ်ပါတယ်။
ဘယ်လို အခက်အခဲတွေပဲ ဖြစ်လာ ဖြစ်လာ ငါတို့နိုင်ငံဟာ ချမ်းသာသေးတဲ့
နိုင်ငံမဟုတ်သော်လည်း၊ အင်အားကြီး နိုင်ငံတစ်ခုမဟုတ်သော်လည်း ငါတို့ရဲ့
စုပေါင်းအင်အားနဲ့ ဒီစိန်ခေါ်မှုတွေကို အားလုံးရင်ဆိုင်နိုင်တယ်။
ကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကို ကျွန်မတို့ရဲ့
နောင်လာနောက်သားတွေ၊ မျိုးဆက်သစ်တွေကို ပေးသွားချင်ပါတယ်" ဟူ၍ UEHRD
ကော်မတီဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားပါ ပြောကြား ချက်က
ပြည်ထောင်စုဖွား နိုင်ငံသူ နိုင်ငံသားတို့၏ စုပေါင်းအင်အားအပေါ်
အလေးအနက်ဖြစ်စေသည်။
ယင်းအင်အားသည် ရခိုင်ပြည်နယ်အတွက်သာမက
ပြည်ထောင်စုကြီး တစ်ရပ်လုံးအတွက်လည်း ဖြစ်သည်။ ယင်း အင်အားသည်
ပစ္စုပ္ပန်အင်အားသာမက အနာဂတ်သို့ ဆက်လက် သယ်ဆောင်သွားရမည့် အင်အားလည်း
ဖြစ်သည်။ မျိုးဆက် တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်း လွှဲပြောင်းသွားရမည့်
အင်အားလည်း ဖြစ်သည်။ စုပေါင်းအင်အားဖြင့် အရာရာကို ဖန်တီးနိုင်ကြောင်း
ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့က ပြည်ထောင်စု၏ အသက် ဝိညာဉ်သဖွယ်
ပင်ဖြစ်သည့်အလျောက် တစ်သွေးတည်း တစ်သားတည်း ညီညာနိုင်ကြပါစေကြောင်း။ ။
No comments:
Post a Comment