Thursday, October 24, 2019

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးစီးကျင်းပသည့် ၂၀၁၉ ခုနှစ် တတိယအကြိမ်မြောက် ပြည်သူ့နီတိ ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲ နိုင်ငံတကာစံနှုန်းနှင့်အညီ မေးခွန်းများ ဖြင့် ကျင်းပမည်



ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးစီးကျင်းပသည့် ၂၀၁၉ ခုနှစ် တတိယအကြိမ်မြောက် ပြည်သူ့နီတိ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲကို မြို့နယ်အဆင့်မှစ၍ နိုင်ငံတကာ စံနှုန်းနှင့်အညီ မေးခွန်းများဖြင့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

ယခုနှစ် ကျင်းပမည့် တတိယအကြိမ်မြောက် ပြည်သူ့နီတိ ကျောင်းအလိုက် ပြိုင်ပွဲများကို နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ပြိုင်ပွဲများကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် လည်းကောင်း၊ ဗဟိုအဆင့် ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် နောက်ဆုံးထား၍ လည်းကောင်း ကျင်းပသွားရန် စီစဉ် ထားကြောင်း သိရသည်။
ယခင်နှစ်ပြိုင်ပွဲများတွင် ပြည်သူ့နီတိအား အစပျိုးခဲ့သည့်အတွက် ယဉ်ကျေးမှုဓလေ့ထုံးစံ စာရိတ္တကို ဦးစားပေးမေးမြန်းခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ ခေါင်းစဉ်ကြီး ငါးခု ဖြစ်သော ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် စာရိတ္တ၊ စည်းကမ်းနှင့် လူ့တန်ဖိုး၊ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လူ့အဖွဲ့အစည်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခြင်းဆိုသည့် ခေါင်းစဉ်ကြီးများဖြင့် မြို့နယ် အဆင့်မှစ၍ နိုင်ငံတကာ စံချိန်မီအောင် မေးခွန်းထုတ်ရန် ပြင်ဆင်ထားမည်ဖြစ်ပြီး ကျောင်းများ အနေဖြင့်လည်း ပြင်ဆင်ချိန်တစ်လ ကြာရရှိမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြား သည်။
အဆိုပါ ပြည်သူ့နီတိပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ကာ ယခု ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် ကျင်းပသွား မည်ဖြစ်သည်။
ပထမအကြိမ် ပြည်သူ့နီတိ ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက် တန်းအဆင့်ဟူ၍ အဆင့်သုံးဆင့်တို့အား ဗဟိုအဆင့်ပြိုင်ပွဲအနေဖြင့် စုစည်းကျင်းပခဲ့ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုအားနည်းသဖြင့် ဗဟို အဆင့်၌ ၁၄၆ ဦးခန့်သာ ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း၊ ဒုတိယအကြိမ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမှအပ ကျန်မြို့နယ်များတွင် ကျောင်းများအလိုက် ပြိုင်ပွဲများကို ဦးစွာကျင်းပခဲ့ကြောင်း၊ ယင်းပြိုင်ပွဲများမှတစ်ဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို မြို့နယ်အဆင့် ပြိုင်ပွဲများကျင်းပပေးခဲ့ ကြောင်း၊ ထိုပြိုင်ပွဲများမှ အဆင့် တစ်ဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူ သုံးဦးနှုန်း၊ တစ်မြို့နယ်တွင် ကိုးဦးနှုန်းဖြင့် ဗဟိုအဆင့်အား ယှဉ်ပြိုင်ကြရကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက “ပြီးခဲ့တဲ့ ဒုတိယအကြိမ်မြောက်မှာတော့ တော်တော် လေးကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာကြတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကလေးတွေဟာ အဆင့်တိုင်းမှာ တော်တော်လေး တိုးတက်လာတာကိုလည်း တွေ့ရတယ်။ ပြည်သူ့နီတိကို သူတို့ရဲ့ အတွေးအခေါ်တွေထဲမှာ အဆင့်မြင့်မြင့်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြေဆိုနိုင်တာကိုလည်း တွေ့ရတယ်” ဟု ပြောသည်။
ယခုနှစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန် မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမောင်မောင်စိုး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးစိုးလွင်၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် ကော်မတီဝင် များ၊ သက်ဆိုင်ရာဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment