နေပြည်တော်
အောက်တိုဘာ ၂၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့
ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် "တာဝန်ယူမှုရှိသော
အုပ်ချုပ်ရေးနှင့်စီးပွားရေး လုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး
ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မြသလ္လာ ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အမှာစကားပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုဆိုသည်မှာ
လာဘ်ပေး လာဘ်ယူခြင်းထက် များစွာပိုမိုကျယ်ဝန်းကြောင်း၊ ယုံကြည်အပ်နှံထားသော လုပ်ပိုင်ခွင့်အာဏာကို
အလွဲသုံးစားပြုခြင်း သည် အစိုးရဌာနများတွင် သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီး
လာဘ်ငွေအနည်းငယ် ပေးခြင်း၊ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို
ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ်
(၂၀/၂၀၁၈) ဖြင့် စတုတ္တအကြိမ် ပြင်ဆင် သည့် ဥပဒေကို ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်တွင် ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သဖြင့်
ယင်းဥပဒေအရ အဂတိလိုက်စားမှုဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းမျှ သာ မဟုတ်တော့ဘဲ "တည်ဆဲဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊
ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း" ဟူသော အချက်
ထပ်မံဖြည့်စွက်ပါဝင်လာပါကြောင်း၊ သို့ဖြစ်၍ ကော်မရှင်သည် လာဘ်ပေး လာဘ်ယူခြင်းထက် ပိုမိုလေးနက်သော
နိုင်ငံတော်၏အကျိုး စီးပွားများ၊ တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို
ထိခိုက်စေသည့် အခြားအဂတိလိုက်စားမှု ပုံသဏ္ဍာန်များကိုပါ ထိရောက်စွာတိုက်ဖျက် သွားနိုင်မည်
ဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုစနစ်ဆိုးကို တိုက်ဖျက်လိုသော စိတ်ဆန္ဒ အမှန်တကယ် ရှိကြမည်ဆိုလျှင်
ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွား အကြား ခွဲခြားစဉ်းစားတတ်ရန်
အရေးကြီးကြောင်း၊ ပုဂ္ဂလိက အကျိုး စီးပွားဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးစီးပွား
သာမက ပုဂ္ဂိုလ်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခု၊ စက်ရုံအလုပ်ရုံတစ်ခု၊ အဖွဲ့ အစည်းတစ်ခု၏
အကျိုးစီးပွားနှင့်လည်း သက်ဆိုင်ကြောင်း၊ အကယ်၍ လုပ်ပိုင်ခွင့်အာဏာရှိသူက ၎င်း၏အခွင့်အာဏာကို
အလွဲအသုံးပြုပြီး ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အများပြည်သူ အကျိုးစီးပွားဖြစ်သည့်
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည်ဆိုလျှင်
တံစိုးလက်ဆောင် ရယူကြောင်း ပေါ်ပေါက်သည် ဖြစ်စေ၊ မပေါ်ပေါက်သည်ဖြစ်စေ အဂတိလိုက်စားမှုပင်
ဖြစ်ပါကြောင်း။
ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသူများကို ထိထိရောက်ရောက်
စုံစမ်းစစ်ဆေး တရားစွဲဆိုခြင်း မပြုလုပ်နိုင်ခဲ့ သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း
တာဝန်ကိုမည်သည့် နည်းနှင့်မျှ ကျေပွန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့တာဝန်အရ
အရေးယူဆောင်ရွက်ရာတွင် သူတစ်ပါးကို ထိခိုက်ပျက်စီးစေလိုသည့် ဗျာပါဒတရားမှ ကင်းဝေးစေရန်အတွက်
ယနေ့အထိ တရားစွဲဆို အရေးယူဆောင်ရွက် ခဲ့သောအမှု (၁၇၂) မှုကို ဘက်လိုက်ခြင်းကင်းစွာဖြင့်
အလေးအနက်ချင့်ချိန် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဤအမှုများအပေါ် သင်ခန်းစာရယူ၍ နိုင်ငံ့ဝန်ထမ်းများက
မိမိတို့၏တန်ဖိုးထားမှုများကို ဒီမိုကရေစီစံနှုန်းနှင့် အညီလိုက်လျော ညီထွေ ပြုပြင်ပြောင်းလဲ
ပေးနိုင်ကြမည်ဆိုလျှင် အဂတိလိုက်စား မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများကို
ဆောလျင်စွာ ဆယ်တင် ကုသပေးနိုင်ပြီး မိမိတို့၏မျိုးဆက်များအတွက်လည်း အဂတိကင်းသောလူ့ဘောင်ကို
ထူထောင်ပေးခဲ့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပါမောက္ခဒေါက်တာအောင်ထွန်းသက် က "ဖွံ့ဖြိုးတိုးတက်မှု အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး"
ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာတင်မောင်သန်း
(သင့်ဘဝ) က Moderator အဖြစ် ဆောင်ရွက်ပြီး "တာဝန်ယူမှုရှိသောအုပ်ချုပ်ရေးကဏ္ဍ"၊
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က "အဂတိ လိုက်စားမှု
တိုက်ဖျက်ရေးဥပဒေ" ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦးက" တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ"၊ အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊
စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဋ္ဌ
ဦးမြင့်ဇော်က "တာဝန် ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ"၊ စစ်ကိုင်းတိုင်းဒေသကြီး
ကွန်ပျူတာ ပညာရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်သူရိန်ထွန်းက "တာဝန်ယူမှုရှိသော CSO
ကဏ္ဍ" နှင့် UNDP ကိုယ်စားလှယ် ဦးအောင်ထွန်းက "အဂတိလိုက်စားမှုအန္တရာယ် ဖြစ်နိုင်ခြေရှိမှု"
ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက
ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment