Thursday, October 24, 2019

ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



နေပြည်တော် အောက်တိုဘာ ၂၄

ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။


ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က ယခုဆွေးနွေးပွဲတွင် ချီလီနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း မတိုင်မီကာလ အာဏာရှင် နိုင်ငံရေးအခြေအနေ၊ ချီလီနိုင်ငံ၏ သက်တမ်းနု ဒီမိုကရေစီအသွင် ကူးပြောင်းကာလနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ အခန်းကဏ္ဍအပြင် ချီလီနိုင်ငံ၏ အတွေ့အကြုံများ ကို အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း စသည်တို့ကို ဆွေးနွေးတင်ပြမည် ဖြစ်ပါကြောင်း၊ ဆွေးနွေးတင်ပြချက်များမှ တစ်ဆင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းများကို ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အသိပညာ၊ ဗဟုသုတများရရှိမည်သာမက ခုံရုံး အနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပေးလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ချီလီနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အတွေ့အကြုံများကို သိရှိရမည်ဖြစ်သည့်အတွက် ခုံရုံးအနေဖြင့် ဗဟုသုတများစွာ ရရှိလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။

International IDEA Myanmar နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး တို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ပြီး International IDEA Myanmar အဖွဲ့အစည်းအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်သစ် ထူထောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများ တိုးပွား လာစေရန်ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ခုံရုံး အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ထို့နောက် International Institute For Democracy and Electoral Assistance (IDEA) မှ Programme Manager Ms. Kimana Zulueta Fuelscher က နှုတ်ခွန်းဆက်စကား ပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ချီလီနိုင်ငံ Universidad Diego Portales တက္ကသိုလ်မှ ပါမောက္ခ Javier Cousom က “ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှ တစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး ဆွေးနွေးချက် များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင် စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် အသိပညာများ တိုးပွားလာစေရန်၊ ချီလီနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် သက်ဆိုင် သော အသိအမြင် ဗဟုသုတများ ရရှိလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် IDEA တို့ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment