Sunday, October 20, 2019

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်



 ဂျကာတာ အောက်တိုဘာ ၂၀

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့ညနေ ၃နာရီခွဲတွင် ဂျကာတာမြို့ရှိ ပြည်သူ့အတိုင်ပင်ခံလွှတ်တော်၌ ကျင်းပသည့် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် သမ္မတမစ္စတာဂျိုကိုဝီဒိုဒိုနှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတ မစ္စတာမာရုဖ်အာမင်တို့က အင်ဒိုနီးရှားနိုင်ငံ ပြည်သူ့အတိုင်ပင်ခံ လွှတ်တော် ဥက္ကဋ္ဌနှင့်လွှတ်တော် ကိုယ်စားလှယ်များရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုကြသည်။

ထို့နောက် အင်ဒိုနီးရှားသမ္မတ နိုင်ငံသမ္မတမစ္စတာဂျိုကိုဝီဒိုဒိုက မိန့်ခွန်းပြောကြားသည်။

ယင်းနောက် အင်ဒိုနီးရှားသမ္မတနိုင်ငံသမ္မတ မစ္စတာဂျိုကိုဝီဒိုဒိုနှင့် ဒုတိယသမ္မတ မစ္စတာမာရုဖ်အာမင်တို့အားကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံ များမှ အစိုးရအဖွဲ့အကြီးအကဲများနှင့် တာဝန်ရှိသူများက တစ်ဦးခြင်းအလှည့်ကျ နှုတ်ဆက်ကြရာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကလည်း အင်ဒိုနီးရှား နိုင်ငံသမ္မတနှင့် ဒုတိယသမ္မတတို့အား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ဘရူးနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာဆာနယ်လ် ဘိုလ်ကီးယားမူ အစ်ဇာဒင် ဝါဒူလာ၊ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် မစ္စတာမဟာသီယာမိုဟာမက်၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စကော့မောရစ်ဆင်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဒုတိယသမ္မတ Mr. Wang Qishan ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဒုတိယသမ္မတ Mrs. Dang Thi Ngoc Thinh ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. WissanuKrea-ngam၊ အာဆီယံနှင့်မိတ်ဖက် နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာသံတမန်များ၊ အင်ဒိုနီးရှားနိုင်ငံ လွှတ်တော် ကိုယ်စား လှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဂျကာတာမြို့ရှိ တမန်းမီနီ ယဉ်ကျေးမှုဥယျာဉ်သို့ ရောက်ရှိကြပြီးတမန်း မီနီယဉ်ကျေးမှု ဥယျာဉ်ဝင်း အတွင်းရှိ အင်ဒိုနီးရှားယဉ်ကျေးမှုပြတိုက် အတွင်းပြသထားသည့် အင်ဒိုနီးရှားတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ပြခန်းများအား လိုက်လံကြည့်ရှုကာ ပြတိုက်၏ ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးပြီး ပြတိုက် တာဝန်ရှိသူနှင့်အမှတ်တရ လက်ဆောင် ပစ္စည်းအပြန်အလှန် ပေးအပ်သည်။

ဆက်လက်၍ဒုတိယသမ္မတသည် စူမာတြား(အနောက်) ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက် အတွင်းစူမားတြားပြည်နယ်၏ တိုင်းရင်းသားရိုး ရာအသုံးအဆောင် ပစ္စည်းများအား လိုက်လံကြည့် ရှုကာတိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ရိုးရာယဉ်ကျေးမှုအကများကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယသမ္မတသည်အားချေးပြတိုက်သို့ ရောက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အသုံးပြုခဲ့သည့် Dakota Rl-001 Seulawah လေယာဉ်နှင့် ပြတိုက်အတွင်းပြသထား ရှိမှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်သည်။

တမန်းမီနီယဉ်ကျေးမှု ဥယျာဉ်ကို ၁၉၇၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်ဒေသများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများကို တည်ဆောက် ထားကာ ပြခန်းများတွင် သက်ဆိုင်ရာဒေသခံများ၏ လူနေမှုဘဝများကိုထင်ဟပ်စေသည့် အသုံးအဆောင် ပစ္စည်းများ၊ လက်ထပ်ဝတ်စုံများ၊ အဆို၊ အကသုံးတူရိယာများနှင့် ရိုးရာယဉ်ကျေးမှု ဝတ်စုံ များကို ပြသထားသည်။

ထို့နောက် ဒုတိယသမ္မတသည် အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်ကတည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့တက်ရောက်သည်။

(သတင်းစဉ်)

No comments:

Post a Comment