Monday, October 21, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရပ်ရွာလူထုပါဝင်မှုဖြင့် ကျေးလက် လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်


နေပြည်တော် အောက်တိုဘာ ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Community Road Empowerment (CORE) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းများ ပြုပြင်ထိန်းသိမ်းရေး စီမံချက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်း တင်ပြခြင်းနှင့် “ရပ်ရွာလူထုပါဝင်မှုဖြင့် ကျေးလက် လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း မိုင် ၈၈၈၁၁ ကီလိုမီတာနှင့် တံတား ၂၄၁၈၃ စင်းကို တာဝန်ယူ တည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း၊ မဟာဗျူဟာရေးဆွဲရာတွင် လုပ်ငန်းအကောင်အထည်ဖော်မှုသာမက လုပ်ငန်းအရည်အသွေး စစ်ဆေးခြင်း၊ သုံးသပ်ခြင်းနှင့် သုတေသနလုပ်ငန်းရပ်များ ထည့်သွင်း ရေးဆွဲထားပါကြောင်း၊ ကျေးလက် လမ်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂၅ ဘီလီယံဖြင့် စုစုပေါင်း ကျေးလက်လမ်းအရှည် ကီလိုမီတာ (၄၅၄၀) ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်တံတား (၁၄၉၈) စင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နိုင်ငံအတွင်း ကျေးလက်လမ်း၊ တံတား ၊ တည်ဆောက်ပြုပြင်ရေးလုပ်ငန်း ပမာဏ များပြားသည့်အတွက် ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျာမနီ နိုင်ငံ ဂျာမန် ဖွံ့ဖြိးရေးဘဏ် (KfW) ၊ Re CAP, JIP , JICA , CORE အဖွဲ့အစည်းတို့နှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးလက်ဒေသ တွင်ရှိသော ဒေသခံလူထုအနေဖြင့် စီမံကိန်း အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး လမ်းပြုပြင်ထိန်းသိမ်းရေး အသိပညာ ဗဟုသုတများအပြင် ရပ်ရွာလူထုက ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များတွင်ပါဝင်၍ ကျေးလက်လမ်းများကို ဆက်လက်ထိန်းသိမ်း ရန် လိုအပ်ကြောင်း၊ ဒေသတွင်းပစ္စည်းများကို အသုံးပြုခြင်း အားဖြင့် အရည်အသွေး ကောင်းမွန်ပြီး ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ကျေးရွာလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့မည်ပုံ ဖြေရှင်းရမည်ကို ဆွေးနွေးကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ Community Road Empowerment မှ Chief Director Mr. Makoto Kimura က အမှာစကား ပြောကြားပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာရှင်များ၊ ပညာရှင်များနှင့် စာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment