ရန်ကုန်
အောက်တိုဘာ ၁၉
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် အကြိမ် (၃၀)မြောက် ပုံမှန်တွေ့ဆုံပွဲ
အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ
ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့်
ဦးဝင်းမော်ထွန်း၊ လုပ်ငန်း ကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ
ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ ဒုတိယမြို့တော်ဝန် နှင့် တွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး
လုပ်ငန်းရှင်များ အသင်းတို့မှ ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့်
လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များ၏
အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြီးခဲ့သည့် (၂၉)ကြိမ်မြောက် တွေ့ဆုံ
ဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက် စုစုပေါင်း(၃၅၈)ချက်ကို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊
အဆိုပါ ပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေး နိုင်ခဲ့သည်များ ရှိသကဲ့သို့
ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့် အကြံပြုတင်ပြချက် (၅၀)ချက် ရှိသည်ကို
တွေ့ရှိရပါကြောင်း၊ ယင်းအကြံပြုတင်ပြချက်(၅၀)တွင် (၂၄)ချက်မှာ ခွင့်ပြုပေးနိုင်သည့်
အနေအထားရှိပြီး (၅)ချက်မှာ မူဝါဒနှင့် ကိုက်ညီမှုမရှိသည့်အတွက် ခွင့်ပြုပေး၍မရပါကြောင်း၊
ကျန်(၂၁)ချက်တွင် ဆောင်ရွက်ဆဲ (၂)ချက်နှင့် ဆက်လက်ဆောင်ရွက်ရမည့် (၁၉)ချက်ရှိပါကြောင်း၊
ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်
အနေဖြင့် Public Private Dialogue များ ပြုလုပ်၍ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
နိုင်ငံတော်၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေး ကဏ္ဍသည် အရေးကြီးသော
အခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ
တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏသည်
အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ
၃၄ ဒသမ ၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၉
ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၎င်းကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်
အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃၀၉ ဘီလီယံ ပါဝင်သည့်အတွက် ၈၄ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည်ကို
တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် လုပ်ငန်းအရေအတွက် ၁၃၁၅ ခုရှိပြီး တန်ဖိုးအားဖြင့်
အမေရိကန်ဒေါ်လာ ၉ ဒသမ၂၁၄ဘီလီယံ အပါအဝင် ငွေကျပ် ၁၇,၇၇၂ ဒသမ ၆၈၆ ဘီလီယံ ဖြစ်ပါကြောင်း။
နယ်စပ်ဒေသများမှ
တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ
ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန် ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးရန်
တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့်
ပြည်နယ် (၉) ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များဖွဲ့စည်းပြီး
ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးအရေးယူမှု
(၉၇၄) ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊
ယခုအခါ “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီကို နိုင်ငံတော်သမ္မတရုံးက
ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အညွှန်းကိန်းများ အပေါ် အခြေခံပြီး
လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၊ အထူး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် တရားမဝင်
ကုန်သွယ်မှုတိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်က
နှစ်စဉ်ထုတ်ပြန်သည့် Doing Business 2020 အစီရင်ခံစာတွင် တိုးတက်မှု အဖြစ် ဖော်ပြနိုင်သော
ပြုပြင်ပြောင်းလဲမှု အကောင်းဆုံးနိုင်ငံ (၂၀)တွင် မြန်မာနိုင်ငံ ပါဝင်သည်ကို ၂၀၁၉ ခုနှစ်၊
စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ဘဏ်၏ Doing Business Website ၌ ဖော်ပြ ထားပါကြောင်း၊ မြန်မာနိုင်ငံ၏
စီးပွားရေးဝန်းကျင် တိုးတက် ကောင်းမွန်စေရန်အတွက် လုပ်ငန်း နယ်ပယ် (၅) ရပ်ဖြစ်သည့်
ဆောက်လုပ်ခွင့်ရယူခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊
ပဋိညာဉ်အတည်ပြု ဆောင်ရွက်ခြင်းနှင့် အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာ အကွယ်ပေးခြင်း
တို့သည် သိသာသော တိုးတက်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ဟု
အဆိုပါ Website တွင် ဖော်ပြထားရာ မြန်မာနိုင်ငံ အတွက် ထူးခြားသည့် ရလဒ်ကောင်းတစ်ခုဖြစ်ပါကြောင်း၊
Doing Business 2020 အစီရင်ခံစာကို အောက်တိုဘာ (၂၄) ရက်တွင် ထုတ်ပြန်မည်ဟုသိရှိရပါကြောင်း၊
တစ်ချို့ပြုပြင်ပြောင်းလဲထားသည့် အချက်များသည် လက်ရှိတွင် အမှတ်အနေဖြင့် ထည့်သွင်းတွက်ချက်ထားခြင်း
မရှိသော်လည်း စောင့်ကြည့်သည့် အခြေအနေတွင်ရှိနေပါကြောင်း၊ နိုင်ငံတော်အစိုးရက ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်ပေးနေသော်လည်း ပုဂ္ဂလိက ကဏ္ဍက ချက်ချင်း မသိသည့်အခါတွင် တုံ့ပြန်ချက် များက
မပြောင်းလဲသေးဘဲ ဖြစ်နေသည့်အတွက် အမှတ်မရနိုင်သေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်
Doing Business လုပ်ငန်းစဉ်များ ပို၍လွယ်ကူ တိုးတက်အောင် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန်
တိုက်တွန်း ပြောကြားလိုပါကြောင်း။
2021
Ease of Doing Business Ranking တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို
ဆက်စပ်သည့် ဌာနများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒများကို
ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲပေးခြင်း၊ လုပ်ငန်းများ လျင်မြန် ချောမွေ့ စေရေးအတွက်
ခေတ်မီနည်းပညာများကို အသုံးပြု၍ ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဤကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက အကောင်းဆုံးဖြစ်အောင်
ဆုံးဖြတ်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာများနှင့်
ပုဂ္ဂလိကလုပ်ငန်းရှင်များ အားလုံးက ကျယ်ပြန့်စွာ သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ အစိုးရနှင့်
ပုဂ္ဂလိကတို့ ပူးပေါင်းမှု ပိုမိုအားကောင်းမှသာ လုပ်ဆောင်ချက်များသည် အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊
“စီးပွားရေးလုပ်ငန်းရှင်များ၊ “ဝင်ငွေနည်းပြည်သူများ နှင့် “အစိုးရ သုံးဦး သုံးဖလှယ်
အကျိုးဖြစ်ထွန်းစေမည့် အများပါဝင်အကျိုးခံစားနိုင်သော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာ
အောင် ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်စေရေးကို တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှတစ်ဆင့်
အထောက်အပံ့ဖြစ်စေနိုင်ရေးအတွက် နိုင်ငံအတွင်းတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများ ပိုမိုများပြားလာစေရေးကို ဦးတည်ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ယနေ့
ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများနှင့်
သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက်
မိမိတို့ အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်
တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က
ဝန်ကြီးဌာန အနေဖြင့် ပို့ကုန်၊ သွင်းကုန်ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို
ခေတ်နှင့်လျော်ညီစွာ ဖြစ်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ပို့ကုန် မြှင့်တင်ရေးအတွက်
ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသောင်းထွန်းက ဝန်ကြီးဌာနအနေဖြင့် မြန်မာ့စီးပွားရေးဝန်းကျင် ကောင်းမွန်စေရေးအတွက်
ဆောင်ရွက်နေမှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ဆောင်ရွက်နေမှု
အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်
ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု
အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့်
ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
ဦးခင်ဟန်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြန်မာ့မော်တော်ယာဉ်
ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ထိုက်အေးနှင့်
တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်အောင် တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက်
တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက် များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
အကြံပြု
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း
ဖြေရှင်းပေးသည်။
ယင်းနောက်
ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
No comments:
Post a Comment