Thursday, October 31, 2019

ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၃၁
ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2019) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ မြန်မာစာပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) အဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့ကျင်းပသည့် Global Media and Information Literacy Week ကို ယူနက်စကိုအဖွဲ့က ဦးဆောင်၍ ၂၀၁၂ ခုနှစ်က စတင်ကာ မိတ်ဖက် အဖွဲ့အစည်းများဖြင့် ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် (၈)ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်အနေဖြင့် Media and Information Literate Citizens: Informed, Engaged, Empowered” ဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် သတင်းအချက်အလက်များသည် အလွန်လျင်မြန်ပြီး နည်းပညာသစ်များ သုံးစွဲ၍ မမှန်ကန်သည့်သတင်းများ ဖြန့်ချိနေမှုများကြောင့် ဒီမိုကရေစီရေးမှာ ထိခိုက်လာနိုင်သည်ဆိုသည့် ပြောဆိုလာမှုများလည်း ရှိပါကြောင်း၊ ဒီမိုကရေစီ စနစ်တွင် နိုင်ငံသားများ ပါဝင်မှုသည် အင်မတန်မှ အရေးကြီးပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံဆိုသည်မှာ ပြည်သူများအတွက် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြသည့် ပြည်သူ့အစိုးရ စနစ်ဖြစ်ပါကြောင်း၊ ပြည်သူများ ထိထိရောက်ရောက် ပါဝင်မှသာလျှင် ပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်မည်ဖြစ်ပါကြောင်း၊ ပါဝင်သည့် ပြည်သူများသည် နိုင်ငံအရေးအရာ များနှင့် ပတ်သက်လျှင်လည်း သိသင့်သိထိုက်သည်များကို မှန်မှန်ကန်ကန် သိရန် လိုပါကြောင်း။
သို့ဖြစ်ရာ အသိဉာဏ်နှင့်ယှဉ်သော သုံးသပ်ဝေဖန် ဖတ်ရှုနိုင်သည့် အတွေ့အကြုံရှိရန် လိုအပ်ပါကြောင်း၊ နောင်အနာဂတ် လူငယ်များအနေဖြင့် ခွဲခြမ်းစိတ်ဖြာတတ်သည့် အလေ့အထ ရရှိအောင် သင်ကြားရာမှတစ်ဆင့် အမြဲတမ်း ခွဲခြမ်းစိတ်ဖြာတတ်သည့် အလေ့အထ ရရှိသွားမည်ဖြစ်ပါကြောင်း၊ ထိုအလေ့အထ ရရှိရန်အတွက် နိုင်ငံသားများ အနေဖြင့် အစဉ်တစိုက် မီဒီယာနှင့် သတင်းအချက်အလက် သိမြင်နားလည်မှုကို ရရှိပြီး အလေးထားကာ အစဉ်တစိုက် ပြောဆိုနေရန် လိုပါကြောင်း၊ ယနေ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် အခမ်းအနားမျိုးသည် ယခုတစ်ကြိမ်နှင့် မပြီးဘဲ အစဉ်တစိုက် ဆွေးနွေးပွဲများ၊ အသိပညာပေး လုပ်ဆောင်မှု များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကမ္ဘာကြီးမှာဖြစ်စေ၊ တိုင်းပြည်မှာဖြစ်စေ၊ သတင်းတုများရှိနေသော်လည်း လောက၏ သဘောသဘာဝအရ မမှန်ကန်မှုများကို မှန်ကန်သည့် အတွေးအမြင် အယူအဆ၊ လုပ်ရပ်များ၊ စိတ်ဓာတ် များက ကာကွယ်နိုင်မည်ဖြစ်ရာ အသိဉာဏ်သည် ပိုပြီးအရေးကြီးသည်ဟု မြင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုအကြောင်း သိကောင်းစရာ ခေါင်းစဉ်ကိုအခြေခံ၍ မြန်မာနိုင်ငံ၌ ဦးစားပေး အသိပညာ ပေးသင့်သည့် Literacy အမျိုးအစားများ၊ ဆိုရှယ်မီဒီယာ၊ အွန်လိုင်းမီဒီယာသုံးစွဲသည့်အခါ သတိပြုသင့်သည့် အချက်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု အသိပညာအားနည်းပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ အကြောင်းကို စကားဝိုင်း ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာစာပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်း၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) မှ စီမံကိန်းအရာရှိ ဒေါ်နိုင်နိုင်အေး နှင့် Myanmar ICT Development Organization မှ အမှုဆောင် ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင် (MIDO) တို့က ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားကြသည်။
ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ်ကို အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားကာ ပြည်သူများအကြား မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment