Tuesday, October 15, 2019

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ကျောင်းပြင်ပ မူလတန်းပညာရေး ဇုန်အဆင့် နည်းပြသင်တန်းဖွင့်


ရန်ကုန် အောက်တိုဘာ ၁၄
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် (ဒုတိယ နှစ်ဝက်) ကျောင်းပြင်ပ မူလတန်းပညာရေး ရန်ကုန်ဇုန် နည်းပြသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၂ ရက်က ကမာရွတ်မြို့နယ်အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ညို အမှာစကားပြောကြားပြီး ဖွင့်လှစ်ပေးသည်။

သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ဆရာ၊ ဆရာမ ၁၀၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ကိုးရက်ဖြစ်ကာ ပထမနှစ်ဝက်သင်တန်းကို ၂၀၁၉ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
ယခု ပညာသင်နှစ်တွင် မြို့နယ် ၈၉ မြို့နယ်ရှိ အခြေစိုက်စခန်း ၄၁၆ စခန်းတွင် ကလေးပေါင်း ၇၅၅၀ တက်ရောက်ပြီး ကျောင်းပြင်ပ မူလတန်းပညာရေး ဆောင်ရွက်သည့်(၁၂)နှစ်တာ ကာလအတွင်း ကျောင်းနေရန်ခက်ခဲသော ကျောင်းပြင်ပရောက်ကလေး ၉၂၀၀၀ ကျော် တက်ရောက်ခဲ့ကြကာ ကျောင်းပြင်ပ မူလတန်းပညာရေးမှတစ်ဆင့် အခြေခံပညာ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့် ဆက်လက်တက်ရောက်သော ကလေးများအနက် တက္ကသိုလ် စာမေးပွဲ အောင်မြင်သူ ကလေးပေါင်း ယခုနှစ်အထိ ၆၃ ဦး ရှိခဲ့သည်။
ရုပ်ရှင်နှင့် ဂီတအနုပညာရှင် ဒေါက်တာချစ်သုဝေသည် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ပညာရေးသံတမန်အဖြစ် ဆောင်ရွက်ပြီး ကျောင်းပြင်ပ မူလတန်း နှင့် အလယ်တန်းပညာရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ကျောင်းပြင်ပ အလယ်တန်း ပညာရေးအစီအစဉ်ကို မြို့နယ်ရှစ်မြို့နယ်၌ ဆောင်ရွက်လျက်ရှိကာ ကျောင်းပြင်ပ မူလတန်း ပညာရေး အောင်မြင်သော ကလေးများနှင့် အခြေခံပညာအလယ်တန်း အဆင့် မပြီးမီ ကျောင်းထွက်ခဲ့သော ကလေးများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်းပညာရေး အစီအစဉ် ဆက်လက်ရှင်သန် တိုးတက်ရန် အတွက် ပညာရေးစေတနာရှင် အလှူရှင်ကြီးများကလည်း တွဲလက်များ အဖြစ် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။
သတင်းစဉ်

No comments:

Post a Comment