တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)
နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများ၏ကိုယ်စား KNU ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ
စောမူတူးစေးဖိုး ပြောကြားသည့် အမှာစကား
လေးစားအပ်ပါသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏
အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ နှစ်ပတ်လည်
အခမ်းအနားသို့ တက်ရောက် လာကြ သော နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော်
အရာရှိကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ
ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှ ခေါင်းဆောင်ကြီး များနှင့်
ဧည့်သည်တော်ကြီး များခင်ဗျား
ယခုလို တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသော (၄)
နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားကြသည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကိုယ်စား အမှာစကား
ပြောကြားခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ တက်ရောက်
လာကြသော ခေါင်းဆောင်ကြီးများ ကိုယ်၏ကျန်းမာခြင်း စိတ်၏
ချမ်းသာခြင်းများဖြင့် ရှိကြပါစေ ကြောင်းဆုတောင်း မေတ္တာပို့သလျက်
ဦးစွာပြောကြား လိုပါတယ်။
ဤအခမ်းအနားသို့ NCA ကို
လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ တို့မှ
စုံစုံလင်လင် တက်ရောက်ကြမည် ဟု မျှော်လင့်ထားကြသော်လည်း ရှမ်းပြည်
ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)အဖွဲ့မှ တက်ရောက်လာနိုင်ခြင်း
မရှိသည့်အပေါ် လွန်စွာမှ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါ တယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကျွန်တော်တို့
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား
တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို
ချုပ်ဆိုနိုင်ခဲ့တာ (၄)နှစ်ပြည့် လွန်မြောက်လာခဲ့ပြီး ဖြစ်ပါတယ်။
ယုံကြည်မှုတွေ အားနည်းနေ
သို့သော်လည်း အခုထက်ထိတိုးတက်မှု များများစားစား မရရှိသေးတာက
ယုံကြည်မှုတွေ အားနည်း နေပြီး အာဃာတတရားတွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေ၊
မုန်းတီးမှုတွေ အားကောင်းနေ သေးတယ် လို့ ကျွန်တော် မြင်မိတယ်။
ကျွန်တော်တို့တတွေဟာ ဘာကိုမယုံမကြည်ဖြစ်နေ ကြရတာလဲ၊ ဒါတွေ ကို
ပြန်ဆန်းစစ် ရမှာဖြစ်ပြီး မှန်ကန်တဲ့၊ တရားမျှတ တဲ့
နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်
အကောင်အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။
NCA စာချုပ်ချုပ်ဆိုရခြင်း၏
ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍
ယနေ့တိုင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအားလုံးကို
ချုပ်ငြိမ်းနိုင်စေရေး အတွက် နိုင်ငံရေး ပြဿနာများကို စစ်ရေးဖြင့်မဟုတ်ဘဲ
နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး
ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ရေးပဲ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့ဖြင့် ကနဦးချုပ်ဆိုခဲ့ပြီး
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည်သစ် ပါတီ (MNSP) နှင့်
လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ ဆက်လက် ပါဝင်လက်မှတ်
ရေးထိုးခဲ့သည့် အတွက် (၁၀)ဖွဲ့ ရှိခဲ့ပြီး ဖြစ်ပါတယ်။
ထပ်မံလက်မှတ်မရေးထိုးနိုင်သေး
ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်
ဆိုသည့်အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်နိုင်သည့်
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် ကျန်ရှိနေသေး သော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတို့မှလည်း NCA ကို
လက်မှတ်ရေးထိုးနိုင်ရန် အစိုးရမှသော် လည်းကောင်း၊ တပ်မတော်မှ
သော်လည်းကောင်း၊ NCA ကို လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေး အဖွဲ့အစည်းများမှသော် လည်းကောင်း မိမိနှင့် သက်ဆိုင်သည့်
အခန်းကဏ္ဍမှ ကြိုးစားခဲ့ကြ သော်လည်း ယနေ့ထိ ထပ်မံလက်မှတ်
မရေးထိုးနိုင်သေးပါ။
ဒီအခြေအနေအပေါ် ကျွန်တော်တို့အားလုံးမှ
ပြန်လည်သုံးသပ်ကြပြီး ကျန်ရှိနေသူများ NCA လက်မှတ်ရေးထိုး လာနိုင်ရေးအတွက်
ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ကြရမှာ လည်း ဖြစ်ပါတယ်။
သို့မှသာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၏ အနှစ်
သာရကို ပေါ်လွင်စေမှာဖြစ်ပြီး မိမိတို့အားလုံးမှ တည်ဆောက်ချင်သော
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်
နိုင်ငံရေးဆွေးနွေးပွဲများကို အောင်အောင် မြင်မြင် ကျင်းပ
ပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာ ဖြစ်ပါတယ်။
(၄) နှစ်တာကာလအတွင်း NCA စာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို
ရောက်ရှိဖို့ ကျွန်တော် တို့ ကြိုးစားခဲ့ကြပေမယ့် NCA ပါ စာသားများအပေါ်
တူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မရရှိသေးသည့် အတွက် NCA
အကောင်အထည်ဖော်မှုဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင်လည်း မိမိတို့
နားလည် ထားကြသည့် အဓိပ္ပာယ်အရသာ အကောင်အထည်ဖော်နေကြသလို ဖြစ်နေပါတယ်။
အားလုံးတစ်သားတည်းကျတဲ့ အမြင်နဲ့ သုံးသပ်ချက်မဟုတ်ရင်တောင်
ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ တည်ဆောက်ချင်သော လမ်းကြောင်းကနေ
တိမ်းစောင်းသွားနေသည့် အခြေအနေသို့ တွန်းပို့လာနေတယ် ဆိုတာကို ကျွန်တော်တို့
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း အချို့က
သုံးသပ်ထားကြ တာတွေရှိသလို ပါဝင်ပတ်သက် နေကြသည့် အစုအဖွဲ့တွေ ကြားမှာ
မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ၊
အသာစီးရလိုမှုတွေ ရှိနေကြလို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မပြုလုပ်
မကျင်းပနိုင်ခဲ့ကြ ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့် နေတာဖြစ်တယ်လို့
ပြောနိုင်ပါတယ်။
ဆက်လက်လျှောက်လှမ်းနိုင်ဖို့လို
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ
ဆက်လက် လျှောက်လှမ်း နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဟာ
အပြန်အလှန် လေးစားအသိ အမှတ်ပြုမှုကို ထားရှိကြပြီး လက်တွဲညီညီ
ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ အရေးကြီး သည့်အချက်ကတော့
ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်မှာ ပါဝင် ပတ်သက်နေကြသည့် Stakeholder
များအကြား ယုံကြည်မှု တည်ဆောက်ခြင်းပဲဖြစ်ပါတယ်၊ ယုံကြည်မှုရ ရှိရေးအတွက်
ထင်သာ မြင်သာရှိသည့် ယုံကြည်မှုတည် ဆောက်ရေး လုပ်ငန်းစဉ်ဟာလည်း မဖြစ်မနေ
ဖော်ပြလုပ်ဆောင်သွားပေးဖို့ လိုအပ်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ
ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်း
နိုင်ဖို့ အတွက် ပါဝင်ပတ်သက်နေကြသည့် Stakeholder များအကြားမှာ
ကျွန်တော်တို့အားလုံးဟာ ဘုံနားလည်မှု၊ ဘုံရည်မှန်းချက်တွေကို
ရယူထားရှိခြင်းဖြင့် နည်းလမ်းများ ရှာဖွေနိုင်ကြမှာဖြစ်ပြီး
ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့တွေအနေနဲ့ NCA အရ သဘောတူထားခဲ့ကြသော ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ တော်အား ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့
ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊
တန်းတူညီမျှမှု တို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ
အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်
ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်
ဆိုသည့်အတိုင်း ဦးလည်မသုန် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး
သဘော တူစာချုပ်လက်မှတ် ရေးထိုးထားကြတဲ့ ကျွန်တော်တို့အားလုံးဟာ
“ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊
တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ကို အခြေခံပြီး ဤသဘောတူ စာချုပ်ပါ
အချက်များကို ပြီးစီးအောင်မြင် သည့်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်
အထည်ဖော်ဆောင် သွားရန် အပြန်အလှန် သန္နိဋ္ဌာန် ချကြပါစို့။
ပါဝင်သက်ဆိုင်နေကြသော Stakeholder များအကြား ယုံကြည်မှုကို တည်ဆောက်ရင်း
ကျွန်တော်တို့အားလုံးမှ အပြန်အလှန်လေးစား အသိအမှတ်ပြု၊
တန်ဖိုးထားမှုကိုအခြေခံပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို
စုပေါင်းတည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment