နေပြည်တော် အောက်တိုဘာ ၃၁
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သည် သာမက လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည့် အရှေ့ - အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတားသစ် ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ တွင် အဆိုပါ တံတားအနီးရှိ မင်္ဂလာမဏ္ဍာပ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အရှေ့ - အနောက် စီးပွားရေး စင်္ကြန်လမ်းမကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို JICA ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အရှေ့ - အနောက် စီးပွားရေး စင်္ကြန်လမ်းမကြီးပေါ်ရှိ မော်လမြိုင် - ကော့ကရိတ်အပိုင်းကို အဆင့်မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ယာဉ်သွားလာမှု ပိုမိုများပြားလာပြီး သယ်ယူပို့ဆောင်ရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း။
အရှေ့ - အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်)တံတား၊ ဂျိုင်း(ဇာသပြင်) တံတားနှင့် အတ္တရံတံတား တို့ကို အဆင့်မြှင့်တင်ခြင်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့ကို ဖွံ့ဖြိုးတိုးတက်မည် သာမက တိုင်းပြည်၏ အခြေခံအဆောက်အဦနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ တံတားတည်ဆောက်ရေး နည်းပညာများနှင့် တည်ဆောက်ခြင်းကြောင့် မြန်မာအင်ဂျင်နီယာ များသည် Extradosed တံတားတည်ဆောက်ခြင်း၏ အဆင့်မြှင့်တံတား ဒီဇိုင်းပညာရပ်နှင့် အဆင့်မြင့်တည်ဆောက်ခြင်း နည်းပညာရပ်များ လေ့လာ သင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ဂျိုင်း(ကော့ကရိတ်) တံတားတည်ဆောက်ခြင်းဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရုံ သာမက လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည် စီးဆင်းမှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အီချီရို မာရူယားမားတို့က အမှာစကား ပြောကြားကြပြီး JICA Myanmar Office မှ Chief Representative Mr. Masayuki KARASAWA က စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်နှင့် တာဝန်ရှိသူများက ဂျိုင်း(ကော့ကရိတ်)တံတားသစ်၏ သတ်မှတ်နေရာများတွင် ပန္နက်တော်တင် တွင်းတော်ဝန်းပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အီချီရို မာရူယားမား တို့သည် ဂျိုင်း(ကော့ကရိတ်) တံတားသစ်၏ ရတနာပိုင်တိုင်အား စက်ခလုတ် နှိပ်၍ Stand Pipe ဖြင့် ရိုက်သွင်းပေးကြသည်။
ဂျိုင်း(ကော့ကရိတ်)တံတားသစ်၏ တံတားအမျိုးအစားမှာ Extradosed လေးလမ်း သွားတံတားဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန်မှာ တန်(၆၀) ဖြစ်၍ စီမံကိန်းတန်ဖိုးမှာ ဂျပန်ယန်း ၆ ဒသမ ၈ ဘီလီယံဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်တွင် ပြီးစီးရအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
အရှေ့ - အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်) တံတားနှင့် အတ္တရံတံတား တို့ကို အဆင့်မြှင့်တင်နိုင်ပါက မော်လမြိုင်မှ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီ တိုင်းဒေသကြီးအထိ ပြည်တွင်းပြည်ပ ကုန်စည် စီးဆင်းမှုများ ပိုမိုလျင်မြန်လာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment