Tuesday, October 15, 2019

နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကျင်းပ


ရန်ကုန် အောက်တိုဘာ ၁၅
၂၀၁၉ ခုနှစ် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အထိမ်းအမှတ် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲအခမ်း အနားကို ယနေ့ နံနက် ၆ နာရီတွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကျင်းပရေးကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် ဇနီး ဒေါ်မင်းမင်းဝင်းစိုး၊ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ဦးစီးဌာန မျက်မမြင်ကျောင်းများနှင့် အလုပ်ရုံများ မှ မျက်မမြင်များနှင့်အကူဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲ ကျင်းပရေးကော်မတီနာယက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ရန်ကုန် မြို့တော်ခန်းမရှေ့ စင်မြင့်ထက်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်နှင့် မျက်မမြင်ကျောင်းများနှင့် အလုပ်ရုံများမှ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ သူများသည် ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်၍ ဆူးလေလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဘုန်းကြီးလမ်း၊ မဟာဗန္ဓုလ လမ်းအတိုင်း မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ကြရာ ဒုတိယမြို့တော် ဝန်နှင့် တာဝန်ရှိသူများက အတူတကွ လိုက်ပါ အားပေး လမ်းလျှောက်ကြသည်။
အဆိုပါ လမ်းလျှောက်ပွဲကျင်းပရာ လမ်းတစ်လျှောက်ရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များရှိ စည်ပင်သာယာအုပ်ချုပ်ရေးရုံးဝန်ထမ်း များ၊ လူမှုရေး အသင်းအဖွဲ့ဝင် များ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မိသားစု ဝင်များနှင့် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို အားပေးကြပြီး စားသောက်ဖွယ်ရာများနှင့် လန်းဆန်းပုဝါများ ကမ်းပေးကြသည်။
ထို့နောက် မျက်မမြင်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသည့် မျက်မမြင် ကျောင်း များနှင့် အလုပ်ရုံများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျင်းပရေးကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဂုဏ်ပြုစကားပြောကြားသည်။
ယင်းနောက် ကျင်းပရေးကော်မတီ နာယက ဒုတိယမြို့တော်ဝန်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ၊ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌနှင့် ကျင်းပရေးကော်မတီဝင်များက ဂုဏ်ပြုဖလားနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး မျက်မမြင်ကလေးငယ်များအား နေကာ မျက်မှန်များ တပ်ဆင်လှူဒါန်းပေးကြသည်။
ထို့နောက်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သော မျက်မမြင်ကျောင်းများကိုယ်စား မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယမှ မောင်ယောရှုက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး မျက်မမြင်ကျောင်းများမှ မျက်မမြင်ကျောင်းသား ကျောင်းသူ လေးများက ခေတ်ပေါ် တေးဂီတ များဖြင့် တွဲဖက်၍ သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် မျက်မမြင်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသည့် မျက်မမြင်ကျောင်းများ နှင့် အလုပ်ရုံများမှ ကျောင်းသားကျောင်းသူများအား အပန်းဖြေ ခရီးစဉ်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ရှိ အားကစားကွင်းသို့ မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းလမ်းလျှောက်ပွဲသို့ မျက်မမြင်ကျောင်းများနှင့် အသင်းအဖွဲ့ ၃၁ ဖွဲ့မှ မျက်မမြင် လမ်းလျှောက် သူစုစုပေါင်း ၁၄၅၀ ဦးနှင့်အတူ အကူဝန်ထမ်း ၅၃၁ ဦး လိုက်ပါ လမ်းလျှောက်ခဲ့ကြပြီး အဆိုပါလမ်း လျှောက်ပွဲကို ၁၉၉၂ ခုနှစ်မှစတင်ကျင်းပခဲ့ရာ ယခုနှစ် တွင် (၂၈)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း- ရီရီမြင့်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment