Tuesday, October 1, 2019

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်


ရန်ကုန် စက်တင်ဘာ ၃၀

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) ၁၃၈၁-၁၃၈၂ ခု၊ ပညာသင်နှစ်အတွက်သာသန တက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် အစိုးရ ပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော်(၃၀) နှစ်၊ သိက္ခာ(၁၀)ဝါအောက် ရှိရမည်ဖြစ်သည်။

သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်) သို့ တက်ရောက် လိုသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏ ဓမ္မာစရိယဘွဲ့ တစ်ခုခုရရှိပြီး သက်တော်(၃၅)နှစ်၊ သိက္ခာ(၁၅)ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထား နိုင်သည်။
▄ နှစ်ရက်ဖြေဆိုကြရမည် ▄
သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက် ထားသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ (၅)ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅)ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅)ပုစ္ဆာ၊ မေးခွန်းလွှာ တစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုကြရမည်ဖြစ် သည်။
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက် ထားသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလဓမ္မာစရိယ တန်း (စတုတ္ထနှစ်)နှင့် ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က)အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပါယတ္တ (ဃ)ခေတ်လေ့လာ နည်းအားဖြင့် (၁၀) ပုစ္ဆာ ဖြေဆို ရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀)ပုစ္ဆာ ဖြေဆိုရမည်ဖြစ်သည်။
▄ ဆက်သွယ်စုံစမ်းနိုင် ▄
သာသနတက္ကသီလဝင်ခွင့် လျှောက်ထားလွှာများကို ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့(အစိုးရရုံးပိတ်ရက်များ) မှအပ စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၁၉ - ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်လွှာပုံစံများကို သက်ဆိုင်ရာတက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ် သိရှိလိုသောအချက်များကို နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁)တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment