Friday, October 18, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ASEAN-Korea Train ခရီးစဉ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်



ဆိုးလ် အောက်တိုဘာ ၁၈
အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ နယ်ပယ်စုံမှ ကိုယ်စားလှယ် များ ပါဝင်သည့် ASEAN-Korea Train ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးသည့်ပိတ်ပွဲအခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Grand Hyatt Seoul Grand Ballroom ယနေ့ ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mrs. Kang Kyung-wha က ခရီးစဉ် ရည်ရွယ်ချက်နှင့် ခရီးစဉ်အောင်မြင်စွာဖြင့် အာဆီယံ-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ရည်မှန်းချက်များကို ဖော်ဆောင်နိုင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြား ရာတွင် ဤနေ့သည် Seoul , Gyeonju , Busan , Sunchoen နှင့် Gwangju မြို့များကို ၃ ရက်တာ ခရီးစဉ်ပြီးမြောက်အောင်မြင်သည့်နေ့ဖြစ်ပါကြောင်း၊ တစ်မြို့ချင်းစီ၌ ကိုယ်ပိုင် ထင်ရှားသည့် အချက် များ ရှိနေပြီး မိမိတို့ အားလုံးသည် ဤခရီးစဉ်တွင် ပျော်ရွှင်ခဲ့ရ ပါကြောင်း၊ KBS Open Concert တင်ဆက်မှုများ၊ ရထားပေါ်မှ ဖျော်ဖြေတင်ဆက်မှု များ၊ ကိုရီးယားရိုးရာ အစားအသောက်များ၊ Gwangju မြို့၌ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်များ လည်း တိုးတက်ရရှိခဲ့ပါကြောင်း။
ကိုရီးယားနိုင်ငံ၏ အစည်ကားဆုံးနှင့် စီးပွားရေးအရ အရေးပါသည့် ဘူဆန်ဆိပ်ကမ်း မြို့ တွင် ကျင်းပခဲ့သော ASEAN-Korea Prosperity Night ကို တက်ရောက်ခွင့်ရခဲ့သည့် အတွက်လည်း ပျော်ရွှင်ခဲ့ရပါကြောင်း။
ကိုရီးယားနိုင်ငံ၏ စိုစွတ်သည့် ကမ်းခြေဒေသဖြစ်သည့် Suncheon Bay နှင့် သာယာ လှပ သည့် မြို့ပြများကလည်း လေ့လာလည်ပတ်ချင်စရာ ကောင်းလှပါကြောင်း။
မိမိတို့အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ က လည်း အာဆီယံကို နယ်ပယ်ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာအောင် ဆောင်ရွက်ရန် ကတိပြုပြောကြားထားပြီး ဖြစ်ပါကြောင်း။
ပြည်သူ၊ ငြိမ်းချမ်းရေးနှင့် သာယာ၀ပြောရေးဆိုသည့် မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး အာဆီယံ-ကိုရီးယား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းရန် ၊ အားကောင်းခိုင်မာရန် အတွက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတမွန်ဂျေအင်း စတင်ခဲ့သည့် တောင်ပိုင်းဆိုင်ရာမူဝါဒသစ် (Southern Policy)နှင့် မူဝါဒသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ကော်မတီများကိုလည်း အသိအမှတ်ပြုသည်ဟု အာဆီယံခေါင်းဆောင်များကလည်း ပြောကြား ထားပြီး ဖြစ်ပါကြောင်း။
မိမိတို့၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကလည်း တဖြည်းဖြည်း တိုးတက်နေ ပါကြောင်း၊ ထို့အပြင် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့ အကြား အပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ ရရှိရန် မျှော်မှန်းထား ပါ ကြောင်း၊ လူငယ်များနှင့် မီဒီယာကဏ္ဍကို အားပေးမြှင့်တင်သည့်အနေဖြင့် နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန် ကူးလူးဆက်ဆံမှုမှာ ၁၅ သန်းအထိ တိုးတက်လာရန် အတွက် ဦးတည် ဆောင်ရွက် နေပါ ကြောင်း။
ယနေ့ခေတ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံနှင့် ကောင်းမွန် သည့် ဆက်သွယ်ဆက်ဆံမှုများ ရရှိနေကြပြီဖြစ်ပါကြောင်း။
ယဉ်ကျေးမှုဆိုင်ရာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူအချင်းချင်း အကြား ဆက်ဆံဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် တိုးတက်လျက် ရှိပါကြောင်း။
အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံဆောင်ရွက်မှုများ တိုး တက်လာစေရန်အတွက် အာဆီယံ-ကိုရီးယားဗဟိုဌာနသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရပ်တည်နေသည်ဆိုတာကိုလည်း ပြောကြားလိုပါကြောင်း။
ယင်းကဲ့သို့ မိမိတို့ စိတ်ထဲ၊ နှလုံးသားထဲမှ အတူတကွ ပူးပေါင်းဆောင်ရွက်မှု၊ တည်ကြည် ဂုဏ်သိက္ခာရှိမှုများနှင့်အတူ လာမည့်အနာဂတ်တွင် ကိုရီးယားကျွန်းဆွယ်ဒေသ၊ အာဆီယံအသိုက် အဝန်းနှင့် ကမ္ဘာကြီး၏ နေရာဒေသတိုင်းတွင် ပိုမိုငြိမ်းချမ်းရေး ၊ သာယာ၀ပြောရေးအတွက် ပူးပေါင်းပါဝင်ကြရန် ဆန္ဒပြုပြောကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသူများကိုယ်စား ပြောကြား လိုသည်မှာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာဆီယံ-ကိုရီးယား ဗဟို ဌာနနှင့် ဤအစီအစဉ် ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီကြသူများ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း။
ထပ်မံပြောကြားလိုသည်မှာ ASEAN-Korea Train အစီအစဉ် အောင်မြင်မှုအတွက် ချီးကျုး ဂုဏ်ပြုအပ်ပါကြောင်းနှင့် ဘူဆန်မြို့တွင်ကျင်းပမည့် ASEAN – ROK Commemorative Summit ကြီး အောင်မြင်ရန်အတွက် ဆန္ဒပြုလိုပါကြောင်း ပြောကြားသည်။
ASEAN-Korea Train အစီအစဉ်သည် နှစ် ၃၀ ပြည့် အာဆီယံ-ကိုရီးယားဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယားဗဟိုဌာနတို့မှ ပူးပေါင်းပြုလုပ်သည့် ခရီးစဉ်ဖြစ်ပြီး အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံ ရေးကို ဒေသတွင်းရှိ ပြည်သူများသိရှိလာစေရန်နှင့် ASEAN-ROK Commemorative Summit အောင်မြင်စွာ ကျင်းပနိုင်စေရန်နှင့် 30th Anniversary of ASEAN_ROK Dialogue Relations ကျင်းပနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ASEAN-Korea Train အစီအစဉ်တွင် အာဆီယံ-ကိုရီးယားရှိ ပြည်သူများအချင်းချင်း ယဉ် ကျေးမှု၊ စီးပွားရေး အပြန်အလှန် ချိတ်ဆက်မှုကို အခြေခံပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာလာစေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်။
ASEAN-Korea Train အစီအစဉ် ဒုတိယနေ့ဖြစ်သည့် ၁၇-၁၀-၂၀၁၉ရက်နေ့တွင် ဘူဆန်မြို့မှ ဂွမ်ဂျူး၊ ထိုမှတစ်ဆင့် ဆိုးလ်မြို့သို့ သွားရောက်ကြသည်။ ထို့နောက် ဆန်ချီအွန်ရှိ Suncheon Bay Wetland ကို လေ့လာကြပြီး ဂွမ်ဂျူးမြို့ရှိ Asia Culture Center (ACC) တွင် ခရီးစဉ် အထိမ်းအမှတ် မီးအလှဆင် ထွန်းညှိပြသမှုများ ဆောင်ရွက်ခဲ့ကြကာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ သံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်ဆင် နွှဲခဲ့ကြ သည်။
ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆိုးလ်မြို့ရှိ Hanok Village နှင့် N Seoul Tower တို့ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီးသည် Korea TV နှင့် တွေ့ဆုံ၍ ကိုရီးယားနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ New Sourthen Policy ဆိုင်ရာနှင့် ပတ်သက်၍လည်းကောင်း မေးမြန်းမှုများ ကို ဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment