Tuesday, September 10, 2019

ရာသီတုပ်ကွေးရောဂါ Seasonal Influenza ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆက်လက် ဆောင်ရွက်လျက်ရှိ



နေပြည်တော် စက်တင်ဘာ ၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာ (Public Health Problem) နှင့်ကပ်ရောဂါ (Epidemic) အသွင်ဖြင့်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ (Communicable Disease Surveillance)
လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) (International Health Regulations- IHR 2005) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ရာသီတုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများ၌လည်း ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ယခု (၂၀၁၉)ခုနှစ်၌ ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါပိုးမှာ ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး ရောဂါပိုး (Seasonal Influenza A(H1N1) pdm09) သာဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ အသွင်ကူးစက်ဖြစ်ပွားနိုင်သော အသွင်ပြောင်းတုပ်ကွေးရောဂါပိုးအသစ်မဟုတ်ကြောင်း ဂျပန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးအတည်ပြုပြီး ဖြစ်ပါသည်။

အောက်ဖော်ပြပါ ဇယားများအရ ရာသီတုပ်ကွေးရောဂါပိုးတွေ့သူ (၆၉၈) ဦး အနက် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ဆက်စပ် ရောဂါများကြောင့် သေဆုံးသူ (၁၁၀) ဦးရှိခဲ့ပါသည်။

(ခ-၂) ရာသီတုပ်ကွေးရောဂါနှင့် ဆက်စပ်သေဆုံးသူများအား ဆန်းစစ် သုံးသပ်ချက်

ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူများတွင် နာတာရှည်ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးလွန်းသူနှင့် ငယ်လွန်းသူကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်ပြီး သေဆုံးမှုနှုန်းမြင့်မားကြောင်း တွေ့ရှိရပါသည်။ (၁-၁-၂၀၁၉) ရက်နေ့မှ (၉-၉-၂၀၁၉) ရက်နေ့အထိရာသီတုပ်ကေွးရောဂါ တွေ့ရှိ ၍ သေဆုံးသူ (၁၁၀) ဦးအနက် အသက်အုပ်စုအသက် (၁၅-၆၅) နှစ်တွင်သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ (၄၄%) ဖြစ်ကာ နာတာရှည်ရောဂါအခံရှိသူ (ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ အာရုံကြောရောဂါ၊ မွေးရာပါ ရောဂါ လက္ခဏာ စု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအား ကျဆင်းသည့်ရောဂါ) များတွင် သေဆုံးသူ (၈၈)ဦးအထိရှိပြီး စုစုပေါင်း သေဆုံးမှု၏ (၈၀%) ရှိကြောင်းတွေ့ရှိရပါသည်။ အထူးသဖြင့်ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့သော်လည်း ဆေးရုံသို့ နောက်ကျမှ ရောက်ရှိလာသူများတွင် သေဆုံးမှုနှုန်း မြင့်မားသည်ကို တွေ့ရှိရပါသည်။

ယခုနှစ် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိမှုကို လေ့လာသုံးသပ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဇူလိုင်လ ပထမအပတ်နှင့် ဒုတိယ ပတ်တို့တွင် ဖြစ်ပွားမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သော်လည်း တွေ့ရှိမှုမှာ ဇူလိုင်လတတိယပတ်မှစတင်၍ ကျဆင်းလာကြောင်း တွေ့ရှိ ရပါသည်။ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်း ကျဆင်း လာသော်လည်း ရောဂါပိုးကူးစက်ခံရပါက အသက်အရွယ်ကြီးသူများနှင့် ကလေးသူငယ်များနှင့် သေဆုံးနိုင်ချေများသော အုပ်စုများနှင့် နာတာရှည် ရောဂါအခံရှိသူများတွင် ရောဂါပိုးကူးစက်ခံရပါက ရောဂါလက္ခဏာ ပြင်းထန်နိုင်ပြီး သေဆုံးနိုင်ချေများရှိသဖြင့် အဆိုပါအုပ်စုများတွင် ရောဂါ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံး တက်ရောက် ကုသမှု ခံယူရန်လိုအပ်ပါသည်။

ယခုလက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုမှာ လျော့နည်းကျဆင်းလာပြီး ပုံမှန်အခြေအနေသာ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ ချမှတ်ပြီးတိုင်းဒေသကြီး/ ပြည်နယ်များတွင် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်း၊ ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိဆေးရုံများတွင်လည်း လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ရောဂါဖြစ်ပွားလာပါက ထိရောက်စွာ ကုသခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း စသည့်် လုပ်ငန်းများကို ဆက်လက်အားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှုနှင့် ပတ်သက်၍ ပြည်သူများအကြား သတင်းအမှန် ရရှိပြီး စိုးရိမ်မှုလျော့ကျစေရန်အတွက် ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာဖြစ်သော www.mohs.gov.mm, https://www.facebook.com/Ministry OfHealthAndSportsMyanmar နှင့် https://www.facebook.com/MyanmarCDC ၏ Facebook စာမျက်နှာများတွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ပါသည်။ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းလာသော်လည်း ပြည်သူများအနေဖြင့် ရာသီတုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်မှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို တိကျစွာ ဆက်လက်လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

No comments:

Post a Comment