Thursday, September 12, 2019

တောင်ကိုရီးယားနိုင်ငံ SBS Plus ရုပ်သံလိုင်းမှ ဂီတအနုပညာဆိုင်ရာ အစီအစဉ်မှတ်တမ်း ရိုက်ကူး


ရန်ကုန် စက်တင်ဘာ ၁၁
တောင်ကိုရီးယားနိုင်ငံ SBS Plus ရုပ်သံလိုင်းမှ ၄၂ ဦး ပါဝင်သော ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ တောတိုက်ဓမ္မရိပ်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ Music Documentary Program အဖြစ် ကလေးငယ်များအား ဂီတအနုပညာ သင်ကြားပေးနေပုံကို ရိုက်ကူး သည်။

အဆိုပါအစီအစဉ်တွင် Yoon Do Hyun, Sandara Park, Sandeul, Kim Jeahwan နှင့် Joo-E စသည့် ကိုရီးယားနာမည်ကြီး အနုပညာရှင်များပါဝင်ပြီး မြန်မာနိုင်ငံ၏အလှအပများကို လေ့လာကြည့်ရှုရင်း စာသင်ခန်းထဲမှ ကလေးငယ်များကို ဂီတအနုပညာများ သင်ကြားပေးမည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ဂီတနှင့် ထိတွေ့မှုနည်းပါးသော ကလေးငယ်များကို ဂီတနှင့် ရင်းနှီးလာစေရန်နှင့် ယခု Program မှ တစ်ဆင့် မြန်မာနိုင်ငံ၏ အလှတရားများနှင့်အတူ ကလေးငယ်များ၏ ချစ်စရာ သံပြိုင်တေးများကို ဖော်ထုတ်ပြသပေး နိုင်ရန်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဒီးဒုတ ရေတံခွန်၊ ဆင်ဖြူမယ်ဘုရား၊ ဦးပိန် တံတားနှင့် ပုဂံညောင်ဦးမြို့ရှိ အထင်ကရ နေရာများ၊ ရွှေဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်းစသည့် နေရာများတွင် စက်တင်ဘာ ၉ ရက်မှစပြီး စက်တင်ဘာ ၁၈ ရက်အထိ ရိုက်ကူးမည်ဖြစ်သည်။

Music Documentary Program ၏ “My Music Teacher Mingalaba” အမည်ရှိ မှတ်တမ်း ဗီဒီယိုကို ကိုရီးယားနိုင်ငံ SBS Plus ရုပ်သံလိုင်း ၊ SBS FunE ရုပ်သံလိုင်းနှင့် မြန်မာနိုင်ငံတွင် Free to Air Channel တစ်ခုဖြစ်သော Fortune TV ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

မျိုးမြင့်အောင်(FDC)

No comments:

Post a Comment