နေပြည်တော် စက်တင်ဘာ ၁၃
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး(၂၀) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်
တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေသည့် တိုက်ပွဲရှောင် တိုင်းရင်းသားများ နေရပ်သို့
ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချနေထိုင်နိုင်ရေး မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို
သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က တိုက်ပွဲရှောင်ပြည်သူများအတွက် မိမိခရီးစဉ်
(၄)ကြိမ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ခရီးစဉ် (၂)ကြိမ် သွားရောက် ၍ ဆန်ရိက္ခာဖိုးငွေ
ထောက်ပံခြင်း၊ ကယ်ဆယ်ရေးအသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး
ဖြစ်ပါကြောင်း၊ ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယာယီခိုလှုံသည့် စုရပ်များသို့
ခေတ္တရောက်ရှိနေသော တိုက်ပွဲ ရှောင်ပြည်သူများထဲမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို
(၅၀)ဦးကို လူမှုရေးပင်စင်များ ခံစားခွင့် ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ရခိုင်ပြည် နယ်အတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့သော ကိုယ်ဝန်ဆောင်မိခင်နှင့်
၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ ခြင်း အစီအစဉ်ကိုလည်း
တိုက်ပွဲရှောင်ပြည်သူများ ဆက်လက်ခံစား ရရှိရန် ကြိုးပမ်း ပေးလျက်ရှိရာ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်
စတုတ္ထသုံးလပတ် အတွက် ထောက်ပံ့ ကြေးငွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများထံ
လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါ ကြောင်း။
ထို့ပြင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း
လက်ရှိတည်ငြိမ်မှုရှိသော ကျေးရွာ အချို့တွင် ရပ်ရွာ အခြေပြု အခြေခံစက်ချုပ်သင်တန်းများကို
လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာ(၆)ရွာတွင် အမျိုးသမီး (၁၃၅)
ဦးအား သင်ကြား ပေးခဲ့ပါကြောင်း၊ ကလေးငယ်များ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ၂၀၁၉ - ၂၀၂၀
ပညာသင်နှစ်၌ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် မြို့နယ်ပေါင်း (၇)ခုရှိ တိုက်ပွဲရှောင်
စခန်းပေါင်း (၅၃) ခုတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၉၂) ဦးအား သင်ကြားလျက်ရှိပါကြောင်း၊
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်း လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့်
တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် စိတ်ပိုင်းဆိုင်ရာ
ထိခိုက်မှုများကိုပါ ကုသပေးနိုင်ရန်အတွက် ၂၀၁၉ခုနှစ် မေ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင်
ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၌ ရခိုင်ပြည်နယ် (၁၇) မြို့နယ် ကျန်းမာရေး ဌာနများမှ
သင်ကြား ရေးအဖွဲ့ဝင်များအား Psychological First Aid (TOT) Training ကို ဆောင်ရွက်ခဲ့ပြီး
တိုက်ပွဲရှောင်ဒေသများ အပါအဝင် မြို့နယ် များတွင် ဆက်လက်၍ ဆင့်ပွားသင်တန်းများ ဆောင်ရွက်ရန်
စီစဉ်လျက်ရှိပါကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲ များကြောင့် တိုက်ပွဲရှောင် တိုင်းရင်းသားများ
နေရပ်သို့ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချနေထိုင်နိုင်ရေးနှင့် စားဝတ်နေရေးပြေလည်ရေးတို့အတွက်
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ပေးသွား
မည်ဖြစ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ဒေသများဖြစ်သော
ဘူးသီးတောင်-မောင်တော-ပလက်၀-ကျောက်တော်၊ မြောက်ဦး ဒေသများအတွင်းရှိ ဒေသခံပြည်သူများအား
၂၀၁၉ ဇန်နဝါရီ မှ ဇွန်လအတွင်း ရေပေးဝေခြင်း၊ သဘာ၀ဘေးအန္တရာယ် ကျရောက်ခဲ့သည့်နေရာများသို့ကူညီ
ပံ့ပိုးမှု များ အချိန်မီ ဆောင်ရွက်ပေးခြင်း၊ ဒေသအတွင်းရှိ ဘုရားပုထိုးနှင့်ဘုန်းတော်ကြီး
ကျောင်းများသို့ လှူဖွယ်ဝတ္ထုများ၊ တစ်ဆုပ်ဆန်၊ တစ်ဇွန်းဆန် လှူဒါန်းခြင်းများကို ဆောင်ရွက်ခြင်းနှင့်
တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များမှ နီးစပ်ရာ ကျေးရွာ များသို့ သွားရောက်၍ နယ်လှည့်ဆေးကုသရေး
လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရှိရပါကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်
တိုက်ပွဲရှောင်ဒေသများ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင်
ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၂၁၀)ဖြင့် ကျေးလက်အိမ်ရာအလုံး (၃၀၀) ကို ပြည်နယ်အစိုးရအဖွဲ့
၏ အစီအမံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့်
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင် ယာယီစုရပ်များတွင်
သွားရောက်ခိုလှုံနေကြသည့် တိုက်ပွဲရှောင် တိုင်းရင်းသားများ ဘေးကင်းလုံခြုံရေးအတွက်
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အမှတ်(၁၊၂၊၃) ၊နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲနှင့် လုံခြုံရေး
ရဲတပ်ဖွဲ့ခွဲများအနေဖြင့် နယ်မြေ တည်ငြိမ် အေးချမ်း ရေး နှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်း သာယာရေးတို့ကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်၏
မေးခွန်းနှင့် စပ်လျဉ်း၍ တိုက်ပွဲရှောင်စခန်းများ စုရပ် များတွင် ရောက်ရှိခိုလှုံနေသော
တိုက်ပွဲရှောင် ပြည်သူများ မိမိမူလနေထိုင်ခဲ့သော ဒေသများသို့ ပြန်သွား နိုင်ရေး လုံခြုံရေးအခြေအနေအရ
တည်ငြိမ်အေးချမ်းပြီး ဖြစ်သော မူလနေထိုင်ခဲ့ရာ နေရာများ စာရင်းကို ပြုစုလျက်ရှိပြီး
ရရှိပါက မူလနေရပ် များသို့ ၎င်းတို့ဆန္ဒအရ ပြန်လည်ပို့ဆောင်ပေး သွားမည် ဖြစ်ပါကြောင်းနှင့်
ကျန်ရှိသူ များ အား ပြည်နယ်အစိုးရအဖွဲ့ အစီအမံဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားသော တိုက်ပွဲရှောင်
စခန်း များတွင် စနစ်တကျနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ
ဒေါက်တာဇော်လင်းထွဋ် ၏ ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော ဓာတုဗေဒ ပစ္စည်းများသုံး၍ ထုတ်လုပ်နေသော
ကွမ်းသီးနှင့်ကွမ်းယာ လုပ်ငန်းများအပေါ် မည်ကဲ့သို့ ထိန်းသိမ်းကြပ်မတ်မည်ကို သိရှိလိုခြင်း
မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်
က ဓာတုပစ္စည်းများသုံး၍ ထုတ်လုပ်နေသော ကွမ်းသီးနှင့် ကွမ်းယာ လုပ်ငန်း အပေါ် ကြပ်မတ်ထိန်းသိမ်းရန်အတွက်
မိမိတို့ဝန်ကြီးဌာနတစ်ခု တည်းအနေဖြင့် ဆောင်ရွက်ရန် များစွာ ခက်ခဲလှပါကြောင်း၊ ကွမ်းသီးနှင့်ကွမ်းယာတွင်
ထည့်သွင်း စားသုံးသည့် ပစ္စည်းများ တင်သွင်းတင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊
ဖြန့်ဖြူးခြင်း၊ လက်လီလက်ကားရောင်းချခြင်းများနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ လိုင်စင်ထုတ်ပေးခြင်း၊
စည်းကမ်းသတ်မှတ်ခြင်း၊ ထိန်းကွပ်ခြင်း၊ ကြီးကြပ်ခြင်းများကို သက်ဆိုင်ရာဌာနများ ဖြစ်သည့်
စိုက်ပျိုးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ အစရှိသည့် သက်ဆိုင်ရာ
ဌာနများအားလုံးက တည်ဆဲဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ မိမိတို့ သက်ဆိုင်ရာ အခန်းကဏ္ဍ
အလိုက် တာဝန်ယူဆောင်ရွက်ပါက ရည်မှန်းထား သကဲ့သို့ ကွမ်းသီး၊ ကွမ်းယာနှင့်ပတ်သက်သည့်
ရောဂါများကျဆင်းနိုင် မည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်အဆင့်မှလည်း
ကဏ္ဍပေါင်းစုံပါဝင်သော ဦးဆောင်အဖွဲ့ တစ်ခုကို ဦးစီးဆောင်ရွက်၍ ပိုမိုထိန်းသိမ်းကြပ်မတ်မှုများ
တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပါက ကင်ဆာရောဂါကင်းရှင်းရေး လုပ်ငန်းများ ပိုမိုအဆင်ပြေသွားမည်
ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးရွက်ကြီးပါသော ကွမ်းစားသုံးမှုဆိုင်ရာလျော့ချမှုမူဝါဒ
ရေးဆွဲရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် အဖွဲ့အစည်းများအားလုံးကို ဖိတ်ခေါ်၍
ပါဝင်ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်
(၄) မှ ဦးစောစိန်ထွန်း ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင်
ဝန်ထမ်းများ လုံလောက်စွာ ခန့် ထားပေးရန်နှင့် တိုင်းရင်းဆေးရုံ အဆောက်အအုံအား ပြင်ဆင်ထိန်းသိမ်းပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာမြလေးစိန် က အဆိုပါဆေးရုံတွင် ဆေးရုံအုပ် (၁)ဦး၊ ဒုတိယ ဆေးရုံအုပ် (၁)ဦး၊ တိုင်းရင်းဆေးမှူး
(၆)ဦး၊ ဒုတိယတိုင်းရင်းဆေးမှူး (၈)ဦး၊ လက် ထောက်တိုင်းရင်းဆေးမှူး (၉)ဦး၊ အကြီးတန်းစာရေး
(၁)ဦး၊ သူနာပြု(၃)ဦး၊ အငယ် တန်းစာရေး(၁)ဦး၊ လုပ်သား (လူနာခန်း) (၁)ဦး စုစုပေါင်း (၂၉)
ဦးခန့်ထားပြီးဖြစ်ပါ ကြောင်း၊ ထို့ပြင် အထက်တန်းသူနာပြု (၁)ဦးကိုလည်း တိုင်းရင်းဆေးရုံတွင်
တွဲဖက် ထားပါကြောင်း။
ဆေးရုံအတွက်လိုအပ်သော
ရုံးအကူ၊ သန့်ရှင်း ရေး၊ လုပ်သား (လုံခြုံရေး) တို့အတွက် ပြင်ပလုပ်သား(၁)ဦးကို ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ရာ
စတင်တာဝန် ထမ်းဆောင် နေပြီ ဖြစ်သည့် အပြင် ပြင်ပလုပ်သား(၂)ဦးကိုလည်း ထပ်မံသုံးစွဲခွင့်ပြုခဲ့ရာ
စတင်တာဝန် ထမ်းဆောင်နေပြီဖြစ်ပါကြောင်း၊ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု
ဘဏ္ဍာငွေဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အဦရှိ Wheel Chair လှေကား အတက် အဆင်းမတ်စောက်ခြင်းကို
ပြန်လည်ပြင်ဆင်ရန် အတွက် ကုန်ကျ စရိတ်များကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမည်
ဖြစ်ပါ ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးလှူဒါန်းငွေဖြင့် တံခါး(၃)ပေါက်တပ်ဆင်
ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၅၃၃၇၅၀ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊
မိလ္လာ သွယ်တန်း ခြင်း လုပ်ငန်းကို ခန့်မှန်းကုန်ကျငွေကျပ် ၁၇ သိန်းဖြင့် ဆောင်ရွက်လျက်ရှိ
ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကွင်းဆင်းကုသရေး လုပ်ငန်းများနှင့် အထွေထွေ
လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရန် ငွေကျပ်သိန်း ၁၀၀ တန်ဖိုး ရှိ ဟိုက်ဂျက် အမျိုးအစား
မော်တော်ယာဉ်ကို တိုင်းရင်းဆေးရုံသို့ ပေးအပ်ခဲ့ပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ ကာကွယ် ရေး ဝန်ကြီးဌာနမှ သိမ်းယူထားသော မွန်ပြည်နယ်၊
မော်လမြိုင်ပညာရေးကော လိပ်၏ ကျောင်းပိုင်မြေဧရိယာ (၄ ဒသမ ၇၆၆) ဧကအား ပြန်လည်လွှဲပြောင်းပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
က လည်းကောင်း၊ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း ၏ မြန်မာ ရေကူးအဖွဲ့ချုပ်
အပါအဝင် အခြားအားကစား အဖွဲ့ချုပ်များဖြစ်သည့် (ကျွမ်းဘား၊ E – Sport) ဖွဲ့စည်းခြင်းတို့အား
အသစ်ပြန်လည် စိစစ်ဖွဲ့စည်းခွင့် ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်း၊ချင်းပြည်နယ် မဲဆန္ဒနယ်
အမှတ်(၁၁) မှ ဦးဝှေ့တင်း ၏ ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်အတွင်းရှိ ခုတင်(၅၀)ဆံ့ဆေးရုံ၊
တိုက်နယ်ဆေးရုံများ အပါအဝင် ကျန်းမာရေး ဌာနနှင့် ဌာန(ခွဲ)များတွင် ဆေးဝါးပစ္စည်း များ
လုံလောက်စွာ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ
ဦးရှေးရယ်ရှုမောင် ၏ ကယားပြည်နယ်တွင် ဖွင့်လှစ်ထားသော သူနာပြုသားဖွား ဒီပလိုမာ သင်တန်းကျောင်းများတွင်
ဒေသခံ ကျောင်းသူ/ ကျောင်းသား များ တက်ရောက် ခွင့်၊ ဖြေဆိုခွင့် ရရှိရေး မေးခွန်း၊ ရှမ်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင် ၏ ပလတ်စတစ်ဘူးထဲ ထည့်ထားသည့် ရေနှင့် အချိုရည်များသည်
ပူပြင်းသောနေရောင် ခြည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးများကို ပြည်သူလူထုပိုမို
သိရှိနားလည် လိုက်နာလာစေရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေး ၏ မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊
သရက်မြို့နယ်၊ ဆင်တဲကျေးရွာ ကျေးလက်ကျန်းမာရေး ဌာန (ခွဲ) အဆောက်အအုံ သစ်အား ၂၀၁၉ -
၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လည်းကောင်းပြန်လည်
ရှင်းလင်းဖြေ ကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လယ်ယာမြေ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို
အသိ ပေး တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း
ကြေညာသည်။
ယင်းနောက် မြန်မာနိုင်ငံ
ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့်လက်မှတ် များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင် က ဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်
ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၁၉)နှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ
ဦး ကျော်သောင်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း တို့က
ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် က ပြည်သူ့ အသံနှင့် ပြည်သူ့ ဆန္ဒကိုဖော်ဆောင်ရန်နှင့်
အစိုးရကိုထိန်းကျောင်းရန် မှာ မိမိတို့ လွှတ်တော်၊ လွှတ်တော်ကော်မတီများနှင့် လွတ်တော်ကိုယ်စားလှယ်များ၏
အဓိက တာဝန်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ
ကော်မတီမှ တင်သွင်းလာသည့် အစီရင်ခံစာသည် အထက်ပါတာဝန်များကို ထမ်း ဆောင်နေ ကြောင်း ထင်ဟပ်စေသည့်အပြင်
ပြည်သူတို့၏ လိုလားချက်နှင့် နစ်နာမှု များကို များစွာဖြေရှင်းနိုင်ကြောင်း အစီရင်ခံစာတွင်
တင်ပြထားသည့်အတွက် ကော်မတီ ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်သကဲ့သို့
မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူများ၏ ကိုယ်စားကျေးဇူး တင်ရှိပါကြောင်း၊
ထို့ပြင် တိုင်ကြားစာ(၁)စောင်ကို တာဝန်ရှိသူများအနေဖြင့်လည်း အလေး အနက်ထား ပြန်ကြားပေးရန်
လွှတ်တော်တိုင်ကြားစာကော်မတီ၊ အစိုးရနှင့် တရားရေးနှင့်သက်ဆိုင် သည့် ဌာနများအနေဖြင့်
တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ တိုင်ကြားစာ များကို သက်ဆိုင်ရာဌာနများအနေဖြင့်
ကော်မတီသို့ အချိန်မီ အကြောင်းပြန်ကြားပေး ရန် တိုက်တွန်းတင်ပြလိုပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်(ခေါ်) ဦးလှမြင့်သန်း က အဆိုပါ
ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ် တော်၏ သဘောထား ရယူရာ သဘောမတူသူ မရှိသည့်အတွက် အမျိုးသားလွှတ်တော်
ပြည်သူ တို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်
ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၁၉) ကို လွှတ်တော်က အတည်ပြုကြောင်း
ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဒေါ်မြတ်သီတာထွန်း
က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၂)ကြိမ်မြောက်
ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း သည့်
အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ကော်မတီ သည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏
ကတိဖြစ်ပေါ်ခဲ့ သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းများရာခိုင်နှုန်းပြည့်
ပြီးစီးကြောင်း ကတိကဝတ် စာရင်းတွင် ပယ်ဖျက် ပေးပါရန် တင်ပြလာမှုအပေါ် မေးခွန်းရှင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ မှ လည်း မိမိတို့၏ အဆို၊ မေးခွန်းများနှင့်စပ်လျဉ်း၍
ရာခိုင်နှုန်း ပြည့် ပြီး/ မပြီး၊ သတ်မှတ် စံချိန်စံညွန်းများ ပြည့်မီမှု ရှိ/မရှိ
ကိုပြန်လည်စိစစ်ပြီး ကတိကဝတ်စာရင်းမှ ပယ်ဖျက် နိုင်ရေးအတွက် ကော်မတီသို့ ဆောလျင်စွာ
တင်ပြပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေဖြင့် တင်ပြချက်များအပေါ် စိစစ်ပြီးဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ
လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီး၍ ကတိကဝတ် စာရင်းမှ ပယ်ဖျက်ပေးရန် တင်ပြလာသော
အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း ၍ မေးခွန်းရှင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက
တင်ပြလာသည့် ကတိ ကဝတ်များအပေါ် မြေပြင်မှန်တွင် မပြီးစီးဘဲ သို့မဟုတ် ကွဲလွဲနေမှုများရှိပါက
ကော်မတီ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မေးခွန်းရှင် အမျိုးသား လွှတ်တော်
ကိုယ်စားလှယ်များကို သီးခြားဖိတ်ကြား၍ ဝန်ကြီးဌာနအလိုက် ညှိနှိုင်းဆွေးနွေးသွားရန်
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့်လက်ရှိတွင်လည်း ဆောင်ရွက် နေပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
လွှတ်တော်တွင် တင်သွင်းမေးမြန်းခဲ့ သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍ နောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေ၊
လစဉ်အစီရင်ခံစာများကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်
တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ မိမိတို့ကော်မတီကို လာရောက် ပေးပို့လျက်ရှိပါကြောင်း၊
သက်ဆိုင်ရာမေးခွန်းရှင် များအနေဖြင့် သိရှိလိုပါက ကော်မတီ သို့လာရောက်ဆက်သွယ်၍ ထုတ်ယူနိုင်သည်ကိုလည်း
ပန်ကြားလွှာ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီ၏ အစီရင်ခံစာကို ပထမပုံမှန်အစည်း
အဝေးမှ (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးအထိ စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦးက
ဆွေးနွေးခဲ့ကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် အကြံပြုချက်များကို
ကော်မတီမှ လှိုက်လှိုက်လှဲလှဲကြိဆိုပါကြောင်းနှင့် အကြံပြုဆွေးနွေးချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် အစီရင်ခံစာကိုလည်း ထပ်မံဆွေးနွေး အကြံပြု ပေးနိုင်ပါရန်
ဖိတ်ခေါ်တင်ပြအပ်ပါ ကြောင်း။
ကော်မတီသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏
လွှတ်တော်တွင် ကတိဖြစ်ပေါ် ဆောင် ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများနှင့်
စပ်လျဉ်း၍ လိုအပ်သလို ညှိနှိုင်း ဆွေးနွေးအကြံပြုတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်
အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများ လည်း
ယခင်ကထက်ပိုမို များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်ကိုယ် စားလှယ်များ၏ မေးမြန်းအဆိုပြုချက်များသည်
မိမိတို့၏ မဲဆန္ဒနယ်မြေမှ ဒေသခံ ပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်
ရွက်ပေးနိုင် သည်ကို တွေ့ရှိရသည့်အပြင် ကော်မတီမှလည်း လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့်
အဆို၊ မေးခွန်းများကို ယခုထက်ပိုမိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း
ပေါင်းစပ်ကာ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အတွက် ဆက်လက် ကြိုးပမ်းသွားမည်
ဖြစ်ပါကြောင်း၊ ကွင်းဆင်းစိစစ်တွေ့ရှိချက်များ နှင့် သုံးသပ် အကြံပြုချက်များ ကိုလည်း
သက်ဆိုင်ရာဌာနများသို့ ကော်မတီမှဆက်လက် ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင်
ကွင်းဆင်းလေ့လာရန် လိုအပ်သည့် နေရာများကို လည်း အခါအားလျော်စွာ ကွင်းဆင်း လေ့လာ စိစစ်မှုများ
ဆောင်ရွက်နိုင် ရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၏ လမ်းညွန်ချက် များနှင့်အညီ ဆက်လက်
ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်းကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ကို စက်တင်ဘာ ၁၆ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
အောင်ရဲသွင်
No comments:
Post a Comment