Sunday, September 15, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကာဘိုးရေလွှဲဆည်မှ စိုက်ပျိုးရေ ခွဲဝေပို့လွှတ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး


နေပြည်တော် စက်တင်ဘာ ၁၅
ဖော်ထုတ်ပြီး ဆည်ရေသောက်စနစ်များ၏ အကျိုးသက်ရောက်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် တူးမြောင်းစနစ်ဆိုင်ရာများအား လေ့လာစိစစ်ခြင်းလုပ်ငန်းများနှင့် အတူ ဖြစ်နိုင်စွမ်းရှိသည့် ရေသောက်စနစ်များတိုးချဲ့ ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ထည့်သွင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ကပြောကြားသည်။

သက်ဆိုင်ရာဌာနများအနေဖြင့်လည်း အချင်းချင်း ပူးပေါင်းညှိနှိုင်းပြီးစိုက်ပျိုးရေ ချွေတာနိုင်သည့် သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် အစီအမံများရေးဆွဲချ မှတ်ကာတောင်သူများအား အသိပေးစည်းရုံး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက ကာဘိုးရေလွှဲဆည်သို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီး ဦးကမ်ဇာမုံနှင့်အဖွဲ့သည် ကာဘိုးရေလွှဲဆည်ကြံ့ခိုင်မှု၊ စိုက်ပျိုးရေခွဲဝေပို့လွှတ်ပေး နေမှု များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သဖန်းဆိပ်ဆည်မှ ပို့လွှတ်လိုက်သော ရေအပါအဝင် နှစ်စဉ်ပျမ်းမျှစီးဝင် ရေ ၄၄၈၇၅၀၀ ဧက ပေကိုကာဘိုး ရေလွှဲဆည်မှ ထိန်းသိမ်း၍ မြောင်းမတော်များမှ တဆင့်စိစစ်ပြီး စိုက်ပျိုးမြေဧက ၃၃၉၀၄၂အား စိုက်ပျိုးရေဖြန့်ဝေအကျိုးပြုလျက်ရှိနေမှု၊ သက်တမ်း ကြာမြင့်လာမှုကြောင့် ရေလွှဲဆည်နှင့် ဆက်စပ်အဆောက်အအုံများ၏ ချို့ယွင်းအားနည်းလာမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ကာဘိုးရေလွှဲဆည်အနီးဒေသနေတောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျော ညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လာမည့် ဆောင်းသီးနှံနှင့် နွေသီးနှံများအတွက် တောင်သူတွက်ခြေကိုက်သော သီးနှံမျိုးများပြောင်းလဲ စိုက်ပျိုးနိုင်ရေးကို မိမိတို့ ဝန်ကြီးဌာနက ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆန်စပါးအဓိက စိုက်ပျိုးမှုမှ တွက်ခြေကိုက် သီးနှံဦးစားပေး စိုက်ပျိုးထုတ်လုပ်မှုသို့ ပြောင်းလဲကြ ရန်လိုကြောင်း၊ အစားအစာဘေးကင်း လုံခြုံရေး ဦးစားပေးလာသည့် စျေးကွက် အခြေအနေနှင့် အခြားသော စျေးကွက် သတင်း အချက်အလက်များ ရယူအသုံးပြုနိုင် ရေးအတွက် ဆိုရှယ်မီဒီယာ များကို အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊ “မိမိဒေသဖွံ့ဖြိုးရေးအတွက် မိမိကိုယ်တိုင်ပါဘို့လိုအပ်တယ်” ဟူသော စိတ်ဓါတ်ထားရှိကြပြီး ပူးပေါင်းဆောင်ရွက်လိုမှုဖြင့် မိမိတို့ ဒေသဖွံ့ဖြိုးရေးကို စိတ်တူကိုယ်တူ ဆန္ဒတူဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း ဆွေးနွေး ပြောကြားသည်။
ကာဘိုးရေလွှဲဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုး ကျေးရွာအနီး မူးမြစ်ပေါ်တွင်တည်ရှိပြီး၁၉၀၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၀၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကွန်ကရစ်ရေလွှဲဆည် အမျိုးအစားဖြစ်သည်။ ဆည်တစ်ခုလုံး အလျား ၇၁၇ပေ ရှိပြီးရေဆင်းဧရိယာ ၄၈၂၈ စတုရန်းမိုင် ရှိသည်။မြောင်းမတော်ကြီးများမှ ရေပေးလက်တံမြောင်း ၁၆၇ခုခွဲထွက်ပြီး အလျားမှာ ၅၉၅ ဒသမ ၅၀၉မိုင် ရှိမြောင်းခွဲ လက်တံများမှ ဖြန့်ဝေလိုက်သော စိုက်ပျိုးရေများ ကိုရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ စစ်ကိုင်း၊ ဒီပဲယင်း၊ အရာတော် နှင့် ကန့်ဘလူမြို့နယ်များရှိ တောင်သူများ အကျိုးခံစား ရလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားနိုင်သကဲ့သို့ ရွှေဘိုပေါ်ဆန်းကဲ့သို့သော အရည်အသွေးကောင်းသီးနှံများအပါအဝင် သီးနှံစုံစိုက်ပျိုး ဖြစ်ထွန်းသော ရေခံမြေခံကောင်းများရှိပြီးစိုက်ပျိုးမြေဧက ၅ သိန်းခန့်ကို စိုက်ပျိုးရေပေးဝေနိုင်သည့် သဖန်းဆိပ်ရေလှောင်တမံကြီးကြောင့် လယ်ယာ ကဏ္ဍစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment