Friday, September 13, 2019

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ


နေပြည်တော် စက်တင်ဘာ ၁၃
သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးကျော်တင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်သန်းထွဋ် နှင့်ဦးတင်မြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ တင်မေထွန်း၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGO၊ NGO များ၊လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များမှ အဖွဲ့ဝင် များ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ပြဋ္ဌာန်းခဲ့ရာ အဆိုပါနေ့ကိုပင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကို ၂၀၁၃ ခုနှစ်ကတည်းက သတ်မှတ်ကျင်းပခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါကြောင်း။
လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်းစာနာမှု ကင်းမဲ့စွာ ခေါင်းပုံဖြတ်အမြတ် ထုတ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန် နည်းလမ်း မျိုးစုံဖြင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု ဒဏ်ကို တစ်ကမ္ဘာလုံး ကြုံတွေ့ခံစားနေကြရပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နောက်ကျသည့် နိုင်ငံများသည် လူကုန်ကူးမှု၏ဆိုးကျိုးများကို ပိုမိုခံစား နေကြရသည်ကို တွေ့ရှိရပါကြောင်း။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုခင်းဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC) ၏ ၂၀၁၈ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (Global Report on Trafficking in Persons 2018) ထုတ်ပြန်ချက်တွင် လူကုန်ကူး ခံရသူ အရေအတွက် များပြား လာသည်ကို ဖော်ပြထားပါကြောင်း၊ အစီရင်ခံစာ၏ ဒေသအလိုက် ဖော်ပြချက်များတွင် အရှေ့အာရှနှင့် ပစိဖိတ် ဒေသ အတွင်း မြန်မာနိုင်ငံ ကို ထည့်သွင်းဖော်ပြထားပါကြောင်း၊ ဒေသတစ်ခုလုံး၏ လူကုန်ကူးခံရသူ အမျိုးအစားကို ကြည့်မည်ဆိုလျှင် အမျိုးသား၂၉ရာခိုင်နှုန်း၊ အမျိုးသမီး၄၈ ရာခိုင်နှုန်း၊ ကလေးသူငယ်များအနေဖြင့် ယောက်ျားလေး ၄ ရာခိုင်နှုန်း၊ မိန်းက လေး ၁၉ ရာခိုင်နှုန်း ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုအမျိုး အစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ၆ဝရာခိုင်နှုန်း၊ လုပ်အားခေါင်းပုံဖြတ်မှု ၃၈ရာခိုင်နှုန်း၊ အခြားလူကုန်ကူးမှု၂ရာခိုင်နှုန်းပါဝင်ကြောင်းဖော်ပြထားပြီး အရှေ့အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများဖြစ်ကြသည့် ဂျပန်၊မွန်ဂိုလီးယား၊ မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့တွင် အမျိုးသမီး လူကုန်ကူးခံရမှု အများအပြားကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် လူကုန်ကူးသူ အမျိုးသမီးတရားခံများကို အများဆုံးတရားစွဲတင် စီရင်ချက် ချမှတ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ပြဿနာဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများမှာ စီးပွားရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စသည့်အခြေအနေ များဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံအသီးသီးသို့ တရားဝင်နည်းဖြင့် ဖြစ်စေ၊ တရားမဝင်နည်းဖြင့် ဖြစ်စေ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံနေကြရသည်ကို တွေ့ရှိရ ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်သတ် မှတ်၍ လူကုန်ကူးမှုများပပျောက်စေရန် ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ(၅)နှစ် စီမံကိန်းများ ရေးဆွဲပြီး နှစ်အလိုက် လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှု အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆို ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစသည့် လုပ်ငန်းကဏ္ဍ(၄)ရပ်ကို အင်တိုက် အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု အမျိုးအစားများမှာအဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ် လူကုန်ကူးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွားခဲ့သည့် ကိန်းဂဏန်း များအရ အဓမ္မထိမ်းမြား လက်ထပ်မှု ၇၅ ဒသမ ၂၄ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အဓမ္မ အလုပ်ခိုင်းစေမှု ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ အငှားကိုယ်ဝန်ဆောင်မှု ၁ ဒသမ ၉၄ ရာခိုင်နှုန်း၊ အဓမ္မမွေးစားမှု ၀ ဒသမ ၄၉ ရာခိုင်နှုန်းဖြစ်ပွားခဲ့ပါကြောင်း၊ နိုင်ငံအလိုက် ဦးတည်ဖြစ်ပွားမှုများ အနေဖြင့် တရုတ်နိုင်ငံ ၇၉ ဒသမ ၆၁ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၁ ဒသမ ၄၆ ရာခိုင်နှုန်း ဖြစ်ပွား ခဲ့ပြီး ပြည်တွင်း ၁၈ ဒသမ ၉၃ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါကြောင်း။
လူကုန်ကူးမှု ဖြစ်စဉ်များတွင်ပြောင်းလဲသွားသည့် အခြေအနေများကို တွေ့ရှိရပြီး နှစ်စဉ်သိသိ သာသာ လျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရှိရ ပါ ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့ များနှင့်ချိတ်ဆက်၍ အလုပ်အကိုင်များ ရရှိရေးနှင့် ထိုက်တန်သည့် လုပ်ခလစာများရရှိရေး စီမံဆောင်ရွက်ပေးရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း။
ဆဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ပြီးဆုံးသည့် အချိန်မှစတင်၍ ယနေ့ထိ လူကုန်ကူးမှု (၂၁၀)မှု၊ တရားစွဲတင်ခဲ့တဲ့အမှုအရေအတွက် (၁၅၆)မှု၊ လူကုန်ကူး သူတရားခံ အမျိုးသား (၁၅၂)ဦး၊ အမျိုးသမီး(၃၃၄)ဦးကို ထိရောက်သည့် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပြစ်မှုကျူး လွန်ရာမှရရှိသည့်ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း၊ လူကုန်ကူးခံရ သူများကို အခြေခံလူ့အခွင့် အရေးများ၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါအခွင့်အရေးများနှင့်အညီ လူသားချင်း စာနာထောက်ထား သည့် ရှုထောင့်မှ ကာကွယ်စောင့်ရှောက်ရေးသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ် ပါကြောင်း။
၂၀၀၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကိုခေတ်နှင့် လျော်ညီသည့်ဥပဒေ၊ နည်းဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲ အတည်ပြုနိုင်ရေးကို ဆောင်ရွက် လျက်ရှိပါ ကြောင်း၊လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ ပြင်ဆင် ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ လက်အောက်ရှိ တပ်ဖွဲ့စု၊ တပ်ဖွဲ့ စိတ်များ တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းအပါအဝင် လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနောက် ဆက်တွဲစာချုပ်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေး သူငယ်များ အခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်း၊ အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ်- ၂၉နှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတို့တွင် ဝင်ရောက်ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် (၁၉)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပခဲ့ပြီး (၁၆)ကြိမ်မြောက် နိုင်ငံဖြတ် ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီး များ၏ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် (၃၄)ကြိမ်မြောက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့အကြီးအကဲများ အစည်းအဝေးတို့ကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အကောင်အထည်ဖော် ဆောင်ရေး စီမံချက်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အာဆီယံကွန်ဗင်းရှင်း၏ အမျိုးသမီးများနှင့် ကလေးများ အနာဂတ်အတွက် လုပ်ငန်းစီမံချက်များ၊ ၂၀၁၇-၂၀၂ဝခုနှစ်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဆိုင်ရာ (Bohol)လုပ်ငန်းစီမံချက်အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောတူညီချက်များ ရယူဆွေးနွေးနိုင်ခဲ့ပြီး နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပြည်သူလူထုအကြား လူကုန်ကူးမှုအန္တရာယ် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် တာဝန်ရှိ အစိုးရအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများသာမက သတင်း မီဒီယာ အဖွဲ့အစည်းများကပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားကြရ မည်ဖြစ်ပါကြောင်း၊ ကျောင်းသား လူငယ်များလူကုန်ကူးမှု အန္တရာယ်အသိပညာများ ရရှိစေရေးအတွက် အခြေခံပညာ သင်ခန်းစာများတွင် ထည့်သွင်းပို့ချရုံမျှမက အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိက ကျောင်း များ၊ တက္ကသိုလ်များ၌ လည်း လူကုန်ကူးမှု အန္တရာယ် အသိပညာပြန့်ပွားစေရေးကို ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ စသည့် အဆင့်ဆင့်ဖွဲ့စည်းထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များထံ လူကုန် ကူးမှုနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူလူထုက ဆက်သွယ်ပေးပို့ နိုင်သည့် နည်းလမ်းများ အလွယ်တကူရှိနေရန် လိုအပ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော် ဖြစ်ပွား နေသည့် လူကုန်ကူးမှုများကို ဖြေရှင်းရာတွင် တစ်နိုင်ငံတည်း ဆောင်ရွက်၍ မရနိုင်သည့်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
လူကုန်ကူးမှု အန္တရာယ်အတွင်းမကျ ရောက်စေရေးအတွက် လူကုန်ကူးသူများကို ဖော်ထုတ်အရေး ယူရေး၊လူကုန်ကူးခံရမည့် အလားအလာရှိသူများကို ကာကွယ် နိုင်ရေး၊ လူကုန်ကူးခံရသူများကို ပြန်လည်ကယ်တင်ရေးနှင့် ဘဝပြန်လည် ထူထောင် စောင့်ရှောက် ပေးနိုင်ရေးတို့အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၁၉ ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးရှိနိုင်ငံသူ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြပါဟု တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှု မှတ်တမ်း ဗီဒီယိုကိုပြသသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုသည်။
(သတင်းစဉ်)

No comments:

Post a Comment