Saturday, September 14, 2019

သတ္တမအကြိမ်မြောက် အာရှဒေသ ကာကွယ်ဆေးညီလာခံ အခမ်းအနားကျင်းပ



ရန်ကုန် စက်တင်ဘာ ၁၄
ထင်ရှားကျော်ကြားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် နိုင်ငံပေါင်း (၃၁)နိုင်ငံမှ ကိုယ်စား လှယ်(၃၀၀) ခန့်နှင့်ပြည်တွင်းမှ ဆေးပညာရှင် (၄၀၀) ခန့်တက်ရောက်သော သတ္တမအကြိမ်မြောက် အာရှ ဒေသ ကာကွယ် ဆေးညီလာခံ (The 7th Asian Vaccine Conference)  ကို ယနေ့နံနက်ပိုင်းတွင် Hotel Lotte ၌ ကျင်းပသည်။

ပထမဦးစွာ အာရှ-ပစိဖိတ်ဒေသ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့  (Immunization  Partners of Asia Pacific- IPAP)၏ဥက္ကဌ  Professor Emeritus  Lulu Bravo က နှုတ်ခွန်းဆက် အမှာ စကားပြောကြားပြီး ညီလာခံဥက္ကဌ ပါမောက္ခ ဒေါက်တာ စောဝင်းက မိတ်ဆက်စကားများ ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဤညီလာခံကြီးသည် ထင်ရှားကျော်ကြားသော နိုင်ငံ တကာတက္ကသိုလ်အဖွဲ့ အစည်းများမှ သုတေသနသိပ္ပံပညာ ရှင်များ၊ ကာကွယ်ဆေးဆိုင်ရာ ပညာရှင် များ၊ ကလေးအထူးကုဆရာဝန်များ၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာများ၊ ပြည်သူ့ ကျန်းမာရေးပညာရှင်များ၊ ကာကွယ်ဆေး နှင့်ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများ၊ လုပ်ငန်းနယ်ပယ် အသီးသီးမှ ကိုယ်စားလှယ်များ စွာ ပါဝင်သော ထူးခြားသော ညီလာခံကြီးတစ်ခုဖြစ်ပါကြောင်း။
ကာကွယ်ဆေးနှင့်ပတ်သက်သော နည်းပညာနှင့် အသိပညာဆိုင်ရာ ဖြစ်ထွန်း တိုးတက် ပြောင်းလဲမှုများကို ဆွေးနွေးမျှဝေကြမည်ဖြစ်၍ တက်ရောက်လာသူ အားလုံး အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။
ဤညီလာခံကြီးနှင့်အတူ “အာရှနိုင်ငံများမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာများ အစည်းအဝေး” နှင့် “ညီလာခံအကြိုအလုပ်ရုံဆွေးနွေးပွဲ” နှင့် “ကာကွယ် ဆေးဗေဒဆိုင်ရာ အဆင့်မြင့် သင်တန်း (Vaccinology Master Course) ကို ပူးတွဲ ကျင်းပ ရုံသာမက ပင်မညီလာခံကြီးတွင်လည်း နိုင်ငံပေါင်း (၁၅)ခုမှ ထင်ရှားကျော်ကြားသော ပညာ ရှင် (၅၅)ဦးက Plenary Lectures,Symposiaနှင့် Panel discussion များဖြင့် ဆွေးနွေး ဟောပြောကြမည်ကို သိရှိရပါကြောင်း။
ယခုကဲ့သို့ အသိဉာဏ်ပညာဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးသို့ တက်ရောက်လာ ကြသူများ အနေဖြင့် တတ်နိုင်သမျှ ကြိုးစားအားထုတ်လေ့လာကြပါရန် တိုက်တွန်းလိုပါ ကြောင်း၊ မြန်မာနိုင်ငံ ကလေး ဆေးပညာ အဖွဲ့ (Myanmar Paediatric Society)၊ တိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်၊ ဆေး သုတေသန ဦးစီးဌာနနှင့် ဆေးတက္ကသိုလ် များမှ တာဝန်ရှိသူများအနေဖြင့် ဤညီလာခံသို့တက်ရောက်လာသော နိုင်ငံ တကာ အဖွဲ့ အစည်းများ၊ တက္ကသိုလ်များမှ ပညာရှင်များနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ကြရန် တိုက်တွန်း လို ပါကြောင်း။
ကာကွယ်ဆေးဗေဒပညာနှင့် ကိုယ်ခံအားနှင့်ရောဂါပြီးစနစ်ဆိုင်ရာ ပညာရပ်များ နှင့်ပတ် သက်၍ ဆေး တက္ကသိုလ်များတွင် လက်ရှိသင်ကြားနေမှုအတိုင်းအတာကို ပြန်လည် သုံးသပ်၍ လိုအပ်ပါက အားဖြည့် သင်ကြား ရန်လိုအပ်ကြောင်း၊ ကာကွယ် ဆေးအတတ် ပညာနှင့်နည်းပညာဆိုင်ရာနိုင်ငံတကာ သင်တန်း များသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက် ရောက်နိုင်ရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း။
ခိုင်မာအားကောင်သော ကမ္ဘာ့လူမှုအသိုင်းအဝန်ကြီးတစ်ခု ဖြစ်လာစေရေးအတွက် ကာကွယ်ဆေး ပညာရှင် များ၊ ကိုယ်ခံအားနှင့်ရောဂါပြီး စနစ်ပညာရှင်များ၊ ပြည်သူ့ကျန်းမာ ရေးပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များ၊ လူမှုကျင့်ဝတ်ပညာရှင်များ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် ကျွန်တော် တို့အားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနမှမူဝါဒချမှတ်သူများအနေဖြင့် ကာကွယ်ဆေးအသစ်များ စတင်ထည့်သွင်း ထိုးနှံခြင်းဆိုင်ရာ မဟာ ဗျူဟာများ၊ ကာကွယ်ဆေးဆိုင်ရာ ဥပဒေနှင့်စည်းမျဉ်းများကာကွယ် ဆေးများဝယ်ယူဖြန့်ဖြူးခြင်း၊ စျေးနှုန်း အကဲဖြတ်ခြင်းနှင့် ဘဏ္ဍာရန်ပုံငွေခွဲဝေ အသုံးပြုခြင်းကာကွယ်ရေးဆိုင်ရာမူဝါဒများစသည်တို့ကို ဘက်စုံ စဉ်းစားဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ ဤကဲ့သို့မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ရန်အတွက် ဤ ညီလာခံတွင် တက်ရောက်လာသူ ပညာရှင်အမျိုးမျိုးမှ သင့်လျော်မှန်ကန်ပြည့်စုံသော သတင်းအချက်အလက် များကို ပေးအပ် နိုင်မည်ဟုယုံကြည်ပါကြောင်း။
ဤကမ္ဘာပေါ်တွင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုနည်းပါး ကင်းစင်စေနိုင်သည့် အတိုင်းအတာအထိ လူထုတစ်ရပ်လုံးကို ရောဂါကူးစက်မှုမှကာကွယ်ခုခံ နိုင်သောစွမ်းအားကို မြှင့်တင်ပေး နိုင်ရန် ကျွန်တော်တို့အားလုံး စုပေါင်း ကြိုးပမ်းဆောင် ရွက်ကြပါစို့ဟု ပြောကြားသည်။
အဆိုပါညီလာခံကို Plenary Lectures ( ) ခု၊ Symposia ()ခု၊ Panel Discussion ()ခု၊ Industry Sponsored Symposia ()ခုတို့ပါ၀င်ပြီး စက်တင်ဘာ (၁၃)ရက်မှ (၁၅)ရက်အထိ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment