Tuesday, September 17, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၁၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထား သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက က တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုးပြီး ပေးပို့တင် ပြထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် လက်ခံရရှိထား ပါကြောင်း၊ အဆိုပါ ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅နှင့် အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ် လေ့လာစိစစ်နိုင်ရန် အတွက် ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် အားလုံးပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၆၉/၂၀၁၉) ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းအမိန့် ကြေညာစာနှင့်အတူ ဗိုလ်မှူး ချုပ် မောင်မောင်နှင့်အဖွဲ့ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း အပါအဝင် ပေးပို့စာနှင့် ပူးတွဲအကြောင်းအရာ မိတ္တူကိုလည်း လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါကြောင်း အသိပေးကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၁၅/၂၀၁၉)ကို ဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိူးသိမ်းကြီး က စီမံကိန်းလုပ်ငန်းမှာ လူတိုင်း အကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ်ဖြစ်ပါကြောင်း၊ လွှမ်းခြုံသည့် ဒေသမှာ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင်ရှိသည့် မြို့နယ် ၃၃၀ မှ ၁၁၅ မြို့နယ်တွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် အခြေခံပညာ ကျောင်းများရှိ ကလေးများအားလုံး အရည်အသွေးမီ အခြေခံပညာရေးအခွင့်အလမ်း သင်ယူခွင့် ရရှိရန်၊ ကျောင်းပြင်ပရောက်နေသည့် ကျောင်းနေအရွယ် ကလေးများကို သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးရန်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုများ အားကောင်း လာစေရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြစ်ပါ ကြောင်း၊ စီမံကိန်းကာလမှာ စာချုပ်အသက်ဝင်ပြီးသည့်ရက်မှ စတင်၍ (၄)နှစ်ဆောင် ရွက်သွားရန်နှင့် စီမံကိန်း တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာသန်း(၁၈၀) ဖြစ်ပြီး ကမ္ဘာ့ ဘဏ်မှချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၀၀၊ Global Partner for Education မှ ထောက်ပံ့ငွေ Grant အမေရိကန်ဒေါ်လာသန်း ၇၀နှင့် ဥရောပသမဂ္ဂ (EU) မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ဝသန်း ဖြစ်ပါကြောင်း။
စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများမှာ ပညာရေးဝန်ကြီးဌာနတွင် ရှိသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားပြီး သင်ကြား သင်ယူမှုကို ပိုမိုအားကောင်းအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု နှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်း များကို အရည်အသွေးပိုမိုအားကောင်းစေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျောင်းအရည် အသွေး အာမခံမှုစံသတ်မှတ်ချက် အညွှန်းဘောင်များကိုလည်း ပြုစုထားပါကြောင်း၊ အဆိုပါ အညွှန်းဘောင်များနှင့်အညီ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ရေးဆွဲခြင်းနှင့် ကျောင်းများ၏ အရည်အသွေးမြင့်မားရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် လိုအပ်ချက် အရှိဆုံးကျောင်းများတွင် ကျောင်းပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများ ကိုလည်း အဆိုပါ လုပ်ငန်း၏ အစီအစဉ်တစ်ခုအနေဖြင့် သင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများကိုလည်း လုပ်ငန်းခွင်အတွင်း သင်တန်းပေးခြင်းဖြင့် ကလေးများအားလုံး အရည်အသွေးရှိသည့် အခြေခံပညာကို သင်ယူမှု အခွင့်အလမ်း ပိုမိုမြင့်မားအောင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပရောက်နေသည့် ကလေးများကိုလည်း ကျောင်းထွက်နှုန်းလျော့နည်းအောင် ဆောင်ရွက်နေသကဲ့သို့ ကျောင်းပြင်ပတွင် ရှိ သည့် ကလေးငယ်များကိုလည်း စီမံကိန်းဝင် မြို့နယ်တွင် သင်ယူခွင့်လက်လှမ်းမှီနိုင်ရန် ခက်ခဲသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၇၀၀၀) ခန့်ကို အရည်အသွေး ရှိသည့် ကျောင်းပြင်ပပညာရေးနှင့် ရွေ့ပြောင်းမိသားစုဝင် ကလေးငယ်များကိုလည်း ရွေ့လျားကျောင်းများ ဖွင့်လှစ်ခြင်းဖြင့် သင်ယူမှု အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော အခြေခံ ပညာကို သင်ယူမှု အခွင့်အလမ်း ရရှိစေပြီး အခြေခံပညာအဆင့်အလိုက် ပြီးမြောက်မှု နှုန်းများ ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ချေးငွေနှင့်ပတ် သက်သည့် အချက်အလက်များ အနေဖြင့် ချေးငွေသက်တမ်းမှာ အနှစ် (၃၀) နှစ်စဉ် ဖွံ့ဖြိုးရေးချေးငွေ ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလမှာ (၅)နှစ်ဖြစ်ပြီး ချေးငွေကို ကနဦး (၅) နှစ်အတွင်း ပြန်လည်ပေးဆပ်ရန် မလိုဘဲ (၆)နှစ်မြောက်မှစ၍ နှစ်ပေါင်း(၃၀)အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း၊ ပြန်ဆပ်ကာလမှာ (၂၅)နှစ်ဖြစ်ပြီး မူလချေး ငွေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းကို နှစ်စဉ်ပေးဆပ်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်ခ မှာ SDR အနေဖြင့် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ပြီး အတိုးနှုန်းမှာ SDR အနေဖြင့် ၁ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ကတိကဝတ်ကြေးမှာ လက်ရှိတွင် မြန်မာနိုင်ငံကို ပလပ်ထားသည်ဟု သိရှိရပါကြောင်း။
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာ ရေးလုပ်ငန်းအစီအစဉ် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရေး ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ချေးငွေစီမံကိန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ၊ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာ ၄ ဒသမ ၁ တွင်ပါရှိသည့် “အရည်အသွေး မြင့်မားသော ရာသက်ပန် ပညာရေးဆိုင်ရာ အခွင့်အလမ်း တန်းတူရရှိရေး”နှင့်လည်း ကိုက်ညီမှု ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် စီမံကိန်း ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေးဦးစီဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(IDA) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အပင်မျိုးသစ်အကာ အကွယ်ပေးရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အဆိုပြုတင်ပြရာ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော်နာယက က သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လွှတ်တော်တို့၏ သဘောထား ရယူအတည်ပြုသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော် နှစ်ရပ်သဘော ကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက လူထုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်းချေးငွေရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး က ယခု ADB ချေးငွေသည် စီမံကိန်းလုပ်ငန်း အများစုကို ကျေးရွာများရှိ လူထုကိုယ်တိုင် အကောင်ထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းရန်ပုံငွေ၏ ၇၀ ရာခိုင်နှုန်းကို ကျေးရွာသို့ တိုက်ရိုက်ထောက် ပံ့သွားမည် ဖြစ်သောကြောင့် ချေးယူသင့်သည့် ချေးငွေဖြစ်ပါကြောင်း၊ ယခုချေးငွေကို ထောက်ခံ ရခြင်းမှာ မြန်မာနိုင်ငံသည် သဘာ၀ဘေးအန္တရာယ် ကျရောက်နိုင်ခြေ အမြင့်ဆုံးနိုင်ငံ စာရင်းတွင် ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ရေရှည်တည်တံ့ခိုင် မြဲသော ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင် ရွက်ရာတွင် သဘာ၀ဘေးအန္တရာယ် လျှော့ချ ကာကွယ်ရေး လုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ထောက်ခံရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသများတွင် အမှန်တကယ် လိုအပ်သော စီမံကိန်းများ အကောင်အထည်ဖော် နိုင်ရေးအတွက် ပြည်ပချေးငွေများ ရယူရန် လိုအပ်ပါက လုပ်ထုံးလုပ်နည်း များအတိုင်း အဆင့်ဆင့် တင်ပြတောင်းခံပေးကြစေလိုပါကြောင်း အကြံပြု ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာဦးကြွယ်ကြွယ်က စီမံကိန်း၏ ရည်ရွယ်ချက် များနှင့် ရရှိလာမည့် ရလဒ်များသည် ဝေဖန်ကန့်ကွက်စရာမရှိအောင် ကောင်းမွန်သောကြောင့် ချေးယူသင့်သည့် ချေးငွေဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စီမံကိန်း ဝန်ထမ်းများ အနေဖြင့် ကျေးရွာထောက်ပံ့ ငွေများကို ကိုင်တွယ်သုံးစွဲမည်မဟုတ်ဘဲ နည်းပညာ အကူအညီပေးခြင်း၊ အသိပညာပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်ရသောကြောင့် ဒီမိုကရေစီလူ့အဖွဲ့ အစည်း၏ မရှိမဖြစ် အရေးကြီးသည့် အဖွဲ့အစည်းနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်တတ်မှု၊ ကျား၊ မတန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ခံယူချက်ကောင်း၊ အလေ့အထ ကောင်းများ တိုးတက်ရရှိလာမည်ဖြစ်သောကြောင့် ထိုစီမံကိန်းကို အလေးအနက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကလေးဝမဲဆန္ဒနယ် မှ ဦးသန်းထွန်းမြင့်က ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းသည် ဆင်းရဲ နွမ်းပါးသည့် အိမ်ထောင်စုများအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများကို အထောက်အကူပေးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားစေခြင်း၊ အစိုးရ အဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူများ အတွက် သဘာ၀ ဘေးအန္တရာယ်ရင်ဆိုင်တုန့်ပြန် နိုင်သည့် စွမ်းဆောင်ရည်မြင့်မားစေခြင်း စသည့် ရလဒ်များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည့်အတွက် မိမိမြို့နယ်ကဲ့သို့ သဘာ၀ဘေး ဒဏ်ခံစားနေရပြီး ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ဒေသများတွင် ဆောင်ရွက်နိုင်မှုသည် ကျေးလက်နေ ပြည်သူများ၏ ဘဝကို အမှန်တကယ်ပြောင်းလဲ မြှင့်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း။
ယခုချေးငွေသည် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးရေးမှတစ်ဆင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချေးယူသော ဖွံ့ဖြိုးရေးချေးငွေ အမျိုးအစားဖြစ်သည့် အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေဖြင့်သာ ပြန်လည်ပေးဆပ်သွားရမည် ဖြစ်သောကြောင့် စီမံကိန်းဆောင်ရွက်သည့် ဌာနအနေဖြင့် လုပ်ငန်း ဆောင်ရွက်မှုကို စီမံကိန်းရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူဆောင်ရွက်သည့် လုပ်ငန်းအနေဖြင့် ရည်ရွယ်ချက် ကောင်းမွန်ပြီး ရလဒ်ကောင်းများရရှိရန် ရည်မှန်းထားသဖြင့် ချေးငွေအား ရယူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၊ ပလက်၀ မဲဆန္ဒနယ်မှ ဦးစိန်အောင်၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၊ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်

No comments:

Post a Comment