နေပြည်တော် စက်တင်ဘာ ၁၇
ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာတစ်ဝန်းတွင် ဆေးပညာ
ဘာသာရပ်များနှင့် ဆေးပစ္စည်း ကိရိယာများ ပိုမိုတိုးတက်လာသည်နှင့်အမျှရောဂါ
ရှာဖွေစမ်းသပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာဘေး
ကင်းလုံခြုံမှု (patient safety) လုပ်ငန်းများသည်
ပိုမိုအရေးကြီးလာပါကြောင်း၊ လူနာဘေး ကင်းလုံခြုံမှုဆိုင်ရာ သဘောတရားများသည်
ကြီးမားကျယ်ပြန့်ပြီး လူနာ၏ ရောဂါရာဇဝင် မေးမြန်းစစ်ဆေး စမ်းသပ်ခြင်း၊
ကုသခြင်းမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသည်အထိ
လုပ်ငန်းအဆင့်တိုင်းတွင် ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ရခြင်း
ဖြစ်ပါကြောင်း၊ လူနာ ဘေးကင်းလုံခြုံမှု၏ အရေးပါမှုကို သိသာထင်ရှားရန်အတွက်
(၇၂) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင်
လူနာများဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်ရမည့်
အချက်များကို အတည်ပြု ချမှတ်၍ နှစ်စဉ် စက်တင်ဘာ (၁၇) ရက်ကို ကမ္ဘာ့လူနာ
ဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day) အဖြစ်
သတ်မှတ်ခဲ့ပါကြောင်း။
လူနာဘေးကင်းလုံခြုံမှု
လုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်
(၂၀၁၉-၂၀၂၃) တွင် အလေးထား ထည့်သွင်းထားပါကြောင်း၊ ဘေးကင်းလုံခြုံမှု
အားနည်းချက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင်
နှစ်စဉ် နောက်ဆက်တွဲပြဿနာများ၊ မသန်မစွမ်းဖြစ်မှုများနှင့် သေဆုံးမှုများ
ဖြစ်ပွားလျက်ရှိပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းများ
အောင်မြင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများသာမက
ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူလူနာများ ကိုယ်တိုင် ဆေးဝါးများကို
ညွှန်ကြားသည့် အကြိမ်ရေနှင့် ပမာဏအတိုင်း ပုံမှန်သောက်သုံးခြင်း၊
ချိန်းဆိုသည့်ရက်များ အတိုင်းပြသခြင်း စသည်တို့ကို
လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှုဆိုင်ရာ
လုပ်ငန်းစဉ်များတွင် ဖြစ်ပေါ်နိုင်သည့် ဘေးထွက် ဆိုးကျိုးအန္တရာယ်များ၊
ဆေးဝါးများ၏ ဘေးထွက် ဆိုးကျိုးများကို လူနာများ သိရှိနားလည်ထားရန်အတွက်
ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လူနာများဆေးရုံမှ ဆင်းချိန်တွင်
ဆက်လက် သောက်သုံးရမည့် ဆေးဝါးများ၊ ဖြစ်ပွားမှုများပြားသော ရောဂါများနှင့်
ပတ်သက်၍ အသိပညာ ဗဟုသုတများ ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ
ပေးအပ်ခြင်းတို့ကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း။
ထို့ပြင်
လူနာဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် သုတေသနများကို
ပိုမိုပြုလုပ်သွားရန်လိုကြောင်း၊ ဆေးကုသမှုအဆင့်တိုင်းကို ဘက်ပေါင်းစုံမှ
စနစ်တကျဆန်းစစ်ခြင်း ပြုလုပ်ပြီး အရည်အသွေးလေ့လာ ဆန်းစစ်နိုင်ရန်အတွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် (၃)ဦးနှင့် ပူးပေါင်း၍ မကြာမီ
စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်
ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်နှင့် ရောင်းချရမည့် ဆေးဝါးများ၊
ညွှန်ကြားချက်မပါဘဲ ရောင်းချနိုင်သည့် ဆေးဝါးများကို သတ်မှတ်
စည်းကမ်းများနှင့်အညီ ရောင်းချရေးနှင့် စပ်ဆေးများ ရောင်းချမှုမရှိစေရေး
အသိပညာပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများကို ဝန်ကြီးဌာနမှ အလေးထား
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
Head of the Department for International Development (DFID), Myanmar မှ
Dr. Rurik Marsden နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ
ကိုယ်စားလှယ် Dr. Stephen Paul Jost တို့က အမှာစကား ပြောကြားကြပြီး
ဒေါက်တာ သင်းသင်းလှိုင်က "Patient Safety - Our Prime Focus"
ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ
သက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်တို့က Patient Safety Champions
ဆုရရှိသော လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် (ခုတင်-၁၀၀၀ ဆံ့)
ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၃၀၀ဆံ့ သင်ကြားရေးဆေးရုံကြီး (မန္တလေး) နှင့်
ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) တို့မှ တာဝန်ရှိသူများကို ဆုများ
ပေးအပ်ကြသည်။
ယင်းနောက် လူနာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်းကို ဆောင်ရွက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment