ရန်ကုန် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံ သူနာပြုနှင့်
သားဖွားကောင်စီ ပထမအကြိမ် နှစ်ပတ်လည်အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်မြို့ရှိ သူနာပြု တက္ကသိုလ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၏
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော
အင်အားစုကြီး (၃)ခုဖြစ်သည့်ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး
ဝန်ထမ်းများအနက် သူနာပြု ဆရာမများသည် အရေးကြီးသော အင်အားစုကြီး
တစ်ခုဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီသည်
ဤကဲ့သို့အရေးကြီးသော သူနာပြုနှင့် သားဖွားဆရာမများ၏ အရည်အသွေး မြင့်မားရေး၊
ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရေး တို့အတွက် ထိန်းသိမ်းကြီးကြပ်ပေးနေရသော
အလွန်အရေးကြီးသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါကြောင်း၊ သူနာပြုနှင့်
သားဖွားဆရာမ လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက် ရေးသည် ကောင်စီ၏ လုပ်ငန်း
များဆောင်ရွက်မှုများ စနစ်ကျနပီပြင်မှုအပေါ် တည်မှီနေပါကြောင်း။
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီအသစ်ကို ၂၀၁၈ခုနှစ်၊ဩဂုတ်လ
(၁၃)ရက်နေ့ တွင်ကောင်စီဝင် (၆၀)ဦးဖြင့် ပြန်လည် ဖွဲ့စည်းပေးအပ်ခဲ့ပြီး
ဖွဲ့စည်းတာဝန်ပေးသည့် အချိန်မှစပြီး ကောင်စီအဖွဲ့ဝင်များသည် စိတ်ဆန္ဒ
ခိုင်မာအားကောင်းစွာဖြင့် လုပ်ငန်းများကိုကောင်းမွန်စွာ ကြိုးစားအားထုတ်
ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။
သူနာပြုများ၏
အရည်အသွေးနှင့်အဆင့်အတန်းမြင့်မားလာရေးအတွက် ကောင်စီသည်
ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လုပ်ငန်းလမ်းညွှန်များ၊ စံချိန်စံညွှန်းများ၊
လုပ်ထုံးလုပ်နည်းများကို ပြုစုထုတ်ဝေခဲ့သည်ကိုတွေ့ရှိရပါကြောင်း။
ပိုမို၍အရေးကြီးသည်မှာ သူနာပြုနှင့် သားဖွားဆရာမများ၏ ကျင့်ဝတ်သိက္ခာကို
အစဉ် ထိန်းသိမ်းနိုင်ရန် အတွက်လည်းကောင်း၊ သူနာပြုနှင့် သားဖွားဆရာမများ၏
လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်မှု၌ အကာအကွယ် ပေးနိုင်ရန်လည်းကောင်း၊
သူနာပြုနှင့်သားဖွားဆရာများ အဆင့်အတန်းမြင့်မားစွာ လေ့ကျင့်သင်ကြားနိုင်ရန်
လည်းကောင်း၊ သူနာပြု တက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း
(၅၀) တို့နှင့်ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မတီဝင်များအချင်းချင်း
အတွေ့အကြုံများ ဖလှယ်၍ ပိုမိုအကျိုးရှိတိုးတက်အောင် ဆောင်ရွက်သွားရမှာ
ဖြစ်ကြောင်း၊ ပုဂ္ဂလိကသူနာပြုကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်
ကောင်စီကစံချိန်စံညွှန်းနှင့် ပညာရေး အရည်အသွေး အဆင့်အတန်း ပြည့်မီရေး
စနစ်တကျ အကဲဖြတ်ခြင်း၊ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိသည်ကို
တွေ့ရှိရပြီးပုဂ္ဂလိကသူနာပြုကျောင်း (၄)ကျောင်းကို
ဝန်ကြီးဌာနမှလည်းကြိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမီ ဖွင့်လှစ်ခွင့်
ပေးနိုင်တော့မည် ဖြစ်ပါကြောင်း။
ထိုပုဂ္ဂလိကကျောင်းများသည်
ပြည်ပနိုင်ငံများနှင့် ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိ တို့ဝန်ကြီးဌာနဘက်က
ဆရာ ဆရာမများလည်း အချိန်ပိုင်း သွားရောက်သင်ကြားနိုင် မည်ဖြစ် သဖြင့်
နှစ်ဦးနှစ်ဘက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်အတွင်းတွင်
မြန်မာနိုင်ငံသူနာပြု သားဖွားကောင်စီအနေဖြင့် သူနာပြုကျင့်ဝတ်ဆိုင်ရာ
ဟောပြောပွဲများနှင့် သူနာပြုများအရည်အသွေးစဉ်ဆက် မပြတ်တိုးတက်စေရေး
ဆွေးနွေးပွဲများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့တွင်လည်းကောင်း၊
ပုဂ္ဂလိက ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်ဟောပြောခဲ့သဖြင့်
အလွန်ကောင်းမွန် ပါကြောင်း။
သူနာပြုနှင့် သားဖွားဆရာမများ
အားလုံးတစ်ဦးနှင့်တစ်ဦးအပြန် အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်
ညီညီညွတ်ညွတ် ဆောင်ရွက်လျှင် သူနာပြုနှင့် သားဖွားဆရာမများ၏
ပုံရိပ်ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား
အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသော
ပြုစုစောင့်ရှောက်မှုများပေးနိုင်ရန် ကျန်းမာရေးနှင့်အား
ကစားဝန်ကြီးဌာနနှင့် တစ်သင်းတစ်ဖွဲ့တည်းသဘောထား၍ ကြိုးစားဆောင်ရွက်ကြစေလို
ကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားပြီး
မြန်မာနိုင်ငံသူနာပြုနှင့် သာဖွားကောင်စီ ဥက္ကဋ္ဌဒေါ်နွဲ့နွဲ့ခင်က
နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များသည် ပြခန်းငယ်အား
လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment