Saturday, September 14, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာ့ စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေးဦးဆောင်ကော်မတီ၊ မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး










ရန်ကုန် စက်တင်ဘာ  ၁၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိ သူများအသင်း ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်း ဦးစီးအဖွဲ့နှင့် တွေ့ဆုံပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ နှင့် နည်းဥပဒေပါ အထွေထွေ ထုတ်ဝေခွင့်တွင် တစ်ကြိမ်ထုတ် မှတ်ပုံတင်ကတ်များ စီစဉ်ဆောင်ရွက် ပေးစေ လိုမှု၊ အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းပါ စာအုပ်/စာစောင်များ ပေးပို့ရန် ဖော်ပြပါရှိမှု အပါအဝင် ၎င်း ဥပဒေကြမ်းအပေါ် အကြံပြုချက်များ တင်ပြလိုမှု၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေပါ အေဂျင်စီဖွဲ့စည်းမှုနှင့် စာအုပ်စာစောင် ထုတ်ဝေမှုဆိုင်ရာ ခေတ်မီ နည်းပညာရပ်များကို ဆွေးနွေးကြသည်။

 နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေးနှင့် စပ်လျဉ်း၍ မြန်မာ့စွယ်စုံကျမ်း ပြန်လည် ထုတ်ဝေရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ စည်သူ ဦးသော်ကောင်း၊ ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့ ပါဝင်သော ပညာရှင်အဖွဲ့နှင့် လည်းကောင်း၊ မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်တွဲ များ  ဆက်လက်ထုတ်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီဝင်များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေး သည်။

မြန်မာဂန္တဝင်အတွဲ ၁၀ဝ စာစဉ်များကို မြန်မာစာပေသမိုင်းတွင် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော ဂန္တဝင်မြောက် သုတ၊ ရသ စာကောင်းပေမွန်များကို စာဖတ်ပရိသတ်လက်ဝယ်သို့ တစ်စု တစ်စည်းတည်း ပေးအပ်နိုင်ရန်၊ မြန်မာ့စာပေလက်ရာကောင်းများ အဓွန့်ရှည်စွာ မပျောက်ပျက်အောင် ထိန်းသိမ်း နိုင်ရန်၊ အများပြည်သူ ဉာဏ်ပညာမြင့်မားလာစေရန်နှင့် လူငယ်များ မြန်မာ့စာပေကို ချစ်မြတ် နိုးလျက် စာပေဖတ်ရှုသော အလေ့အထ တိုးပွားလာစေရန်စသည့်  ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် လျက်ရှိရာ ယခုအခါ ဝတ္ထုရှည် ၃ တွဲကို ထုတ်ဝေနိုင်ခဲ့ပြီး လာမည့် အောက်တိုဘာလတွင် အတွဲ(၄/၅/၆)ကို မိတ်ဆက်ထုတ်ဝေရန်နှင့် အတွဲ (၇၊ ၈၊ ၉) ကိုလည်း ဆက်လက်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

သတင်းစဉ်

No comments:

Post a Comment