Tuesday, September 10, 2019

အသက် (၆) လမှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၌ ဝန်ကြီးဌာန အသီးသီးက စိတ်ပါဝင်စားသူများ တက်ရောက်


နေပြည်တော် စက်တင်ဘာ ၁၀

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၏ နည်းပြများနှင့် သင်တန်းသူများသည် ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် မေမေ့ရင်ခွင်နေ့ ကလေးထိန်းဌာန၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးငယ်များအား ပြုစုစောင့်ရှောက် ပေးနေမှုကို လက်တွေ့လေ့လာကြသည်။

ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တွေ့ဆုံ၍ လူမှုဝန်ထမ်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်သည့် အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးပြုစုသူများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းတွင် ဝန်ကြီးဌာနအသီးသီးမှ ကလေးငယ်များအား ပြုစုစောင့်ရှောက်ရန် စိတ်ပါဝင်စားကြ၍ တက်ရောက်ကြသော ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်ကြားမှု သင်ရိုးညွှန်းတမ်းနှင့် နည်းလမ်းများသည် အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးပြုစုသူများအတွက် နိုင်ငံတကာ သုတေသနရလဒ်များမှ အတည်ပြုထားသော အခြေအမြစ် ခိုင်မာသော၊ စနစ်ကျသော နည်းလမ်းများ ဖြစ်ကြောင်း။
သင်ယူတတ်မြောက်ပြီးပါက သင်တန်းသူများ၏ မိသားစုအတွင်းရှိ ကလေးငယ်များအား ပြုစုပျိုးထောင်ခြင်းနှင့် ပတ်ဝန်းကျင်ရှိ ကလေးမိဘများ ၊ပြုစုစောင့်ရှောက်သူများအား ပြန်လည်အသိပေး မျှဝေခြင်းနှင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနရှိ ဝန်ထမ်းမိခင်များ၏ ကလေးများအတွက် နေ့ကလေးထိန်းဌာနဖွင့်လှစ်ပြီး ပြန်လည်အသုံးချသွားနိုင်မည် ဖြစ်ကြောင်း၊ သင်တန်းသူများ အနေဖြင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ပြဋ္ဌာန်းပြီးဖြစ်သော “ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေ”နှင့်“ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ” တို့ကိုအသေအချာ လေ့လာကြပြီး ကလေးများအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရေး တာဝန်ယူပေးကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားသည်။
အဆိုပါ အသက် (၆) လမှ (၃) နှစ်အရွယ် ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို (၂၁) ရက်တာ သင်ကြားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသူ (၅၆) ဦး တက်ရောက်သင်ယူလျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment