နေပြည်တော် စက်တင်ဘာ ၁၇
အီးယူ-မြန်မာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု
ရည်မှန်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသောင်းထွန်းနှင့် အီးယူသံအမတ်ကြီး မစ္စတာ ခရာ့ရှ်ယန် စမစ်ချ် တို့က
ဦးဆောင်ကျင်းပခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဆက်အောင်၊ အီးယူအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊
သံရုံးတာဝန်ခံများ၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အကြီးအကဲများ၊
ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများမှ အဆင့်မြင့်အရာရှိကြီးများ
တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဉီးဆက်အောင်က
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု
စီမံကိန်းနှင့် စီမံကိန်းဘဏ်၊ မြေယာဘဏ်တို့ နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်
ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို
ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ၂၀၁၄ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ အီးယူ၏
အထောက်အပံ့ရယူ၍ ဆောင်ရွက်လျက် ရှိသော (Multiannual Indicative Programme
2014-2020) ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ၂၀၂၁ ခုနှစ်မှ
၂၀၂၇ ခုနှစ်အတွင်း အီးယူက မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မည့် အစီအစဉ်
အသစ်အတွက် လုပ်ငန်းစဉ်၊ နယ်ပယ်များနှင့်စပ်လျဉ်း၍
နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment