Wednesday, September 18, 2019

မကြာမီကာလတွင် ဖြစ်ပေါ်လာမည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ


မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး စနစ်တကျ ရေးဆွဲထားတဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေနဲ့အညီ အခြားအဖွဲ့ဝင် နိုင်ငံတွေနဲ့ တန်းတူပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA) ကို ၂၀၁၈ခုနှစ်မှာ ထူထောင်ခဲ့သလို ဆွေးနွေးဖက် နိုင်ငံ ခြောက်နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံတို့နဲ့လည်း ASEAN+1 လို့ ခေါ်ဆိုနေကြတဲ့ အာဆီယံနဲ့ အပေါင်းတစ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ငါးခုကို ထူထောင်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ဟာလည်း အဖွဲ့ဝင်နိုင်ငံ တစ်ခုအနေနဲ့ ပူးပေါင်းပါဝင်နိုင်ခဲ့ပါတယ်။
ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု
ဒီ ASEAN+1 လွတ်လပ်သော ကုန်သွယ်မှုဒေသ ဆိုင်ရာနိုင်ငံတွေနဲ့ စီးပွားရေးပေါင်းစည်းမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမိုနက်နက် ရှိုင်းရှိုင်း ဆောင်ရွက်ခြင်းကနေ အကျိုးကျေးဇူးတွေ ပိုမိုရရှိစေဖို့အတွက်နဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသတစ်ခုမှာ အပြည့်အဝ ပါဝင် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးများရရှိစေဖို့အတွက် ရည်ရွယ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး ဒီထက်အကျိုးကျေးဇူးရရှိစေမယ့် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူစာချုပ်တစ်ခု ပေါ်ပေါက်ဖို့ နိုင်ငံအားလုံးက ဆန္ဒရှိခဲ့တာကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှာ ကျင်းပခဲ့တဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partner-ship - RCEP) လို့ခေါ်တဲ့ RCEP စေ့စပ်ညှိနှိုင်းမှုများ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
RCEP ကို လက်ရှိအကောင်အထည်ဖော်နေတဲ့ အာဆီယံနဲ့ တစ်နိုင်ငံ ချင်းစီ ချုပ်ဆိုခဲ့ကြတဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူစာချုပ် (Free Trade Agreements- FTAs) တွေထက် ပိုမိုပြည့်စုံပြီး အရည်အသွေး မြင့်မားကာ အဖွဲ့ဝင်တွေအကြား အပြန်အလှန် အကျိုးရှိစေမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ဖြစ်လာစေဖို့ ရည်ရွယ်ခဲ့သလို တစ်ဖက်မှာလည်း ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။
ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်မှ စတင်ခဲ့တာဖြစ်ပေမယ့် ခြောက်နှစ်ကျော် ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် စာချုပ်ကိုပြီးပြတ်အောင် ညှိနှိုင်းဆွေးနွေးမှု မလုပ်နိုင်ခဲ့ပါဘူး။ အားလုံးသိတဲ့ အတိုင်း ဒီနေ့ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာက ကုန်သွယ်ရေးစစ်ပွဲပုံသဏ္ဌာန်တွေ၊ ကိုယ်ကျိုး စီးပွားကာကွယ်မှုတွေ၊ ကုန်သွယ်မှုမှာ အမျိုးသားရေးဝါဒတွေ ကြီးစိုးနေလို့ ကမ္ဘာ့စီးပွားရေး အခြေအနေဟာ အရေးကြီး အခြေအနေတစ်ရပ်ကို ရောက်ရှိနေချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည် အားကောင်းလာနိုင်စေဖို့ လိုအပ်တာရယ်၊ တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး မြင်ကွင်းမှာ အာဆီယံရဲ့ အရေးပါမှုနဲ့ အချက်အချာကျမှုကို ထိန်းသိမ်းပြသနိုင်စေဖို့ လိုအပ်နေတာရယ် တို့ကြောင့် RCEP ဆွေးနွေးညှိနှိုင်းမှု တွေကို ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ကြဖို့ ၂၀၁၉ ခုနှစ် ဇွန်လမှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင်တွေက ထပ်မံလမ်းညွှန်ခဲ့ပါတယ်။
မတူညီသော ဖွံ့ဖြိုးမှု အခြေအနေများကို ထည့်သွင်းစဉ်းစားပေးနေ
RCEP ကို ညှိနှိုင်းရာမှာ အဖွဲ့ဝင်အဖြစ် ပါဝင်မယ့် နိုင်ငံတွေရဲ့ မတူညီတဲ့ဖွံ့ဖြိုးမှု အခြေအနေတွေကို ထည့်သွင်း စဉ်းစားပြီး အားလုံး အကျုံးဝင်ခံစားနိုင်အောင် ညှိနှိုင်းဆောင်ရွက်ကြရပါတယ်။
လက်ရှိ ASEAN+1 လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ သဘောတူ စာချုပ်တွေဖြစ်တဲ့ အာဆီယံ - ဂျပန်၊ အာဆီယံ - တရုတ်၊ အာဆီယံ - အိန္ဒိယ၊ အာဆီယံ - ကိုရီးယား၊ အာဆီယံ - ဩစတြေးလျ၊ နယူးဇီလန် စာချုပ်တွေမှာ ပေးထားပြီးဖြစ်တဲ့ အထူးနဲ့ခြားနား အခွင့်အရေး တွေအပြင် အခြားသင့်လျော်တဲ့ ဖြေလျှော့မှု ပုံစံတွေနဲ့လည်း ထည့်သွင်းညှိနှိုင်း ဆွေးနွေးကြရပါတယ်။ ဖွံ့ဖြိုးမှု နည်းပါးတဲ့ နိုင်ငံများကို ထပ်မံဖြေလျှော့မှုပေးထားတဲ့ (Additional Flexibility) ကို အသုံးပြုပြီး ညှိနှိုင်းလျက် ရှိပါတယ်။ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် အချို့ကိစ္စတွေမှာ ကျန်တဲ့နိုင်ငံတွေအတိုင်း လိုက်ပါ ဆောင်ရွက်ဖို့ မလိုအပ်တာ သဘောတူထားတာရှိသလို၊ အချို့ကိစ္စကိုတော့ လိုက်နာဖို့အတွက် ပြင်ဆင်ချိန်ကို အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုပေးထားတဲ့ ဖြေလျှော့မှုပုံစံနဲ့လည်း ဆွေးနွေး ညှိနှိုင်းလျက် ရှိပါတယ်။
RCEP မှာ ဈေးကွက်ဖွင့်လှစ်ပေးမှုနဲ့ နိုင်ငံတကာ ကုန်သွယ်မှုကို ပိုမိုရှင်းလင်းလွယ်ကူချောမွေ့စေအောင် ညှိနှိုင်းထားတာဖြစ်လို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအနေနဲ့ ကမ္ဘာ့ကုန်စည် ထုတ်လုပ်မှု ဈေးကွက်အတွင်းဝင်ရောက်နိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။ ကုန်စည်၊ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေမှာ ဈေးကွက် ပိုမိုဖွင့်လှစ်ပေးထားတဲ့အတွက် ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချပြီး အဖွဲ့ဝင်နိုင်ငံများ ကြားမှာလည်း ကုန်သွယ်ရေး နဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပွင့်လင်းမြင်သာမှုရှိလာမှာ ဖြစ်ပါတယ်။
RCEP ဆွေးနွေးညှိနှိုင်းမှုမှာ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့ နိုင်ငံများ အုပ်စုမှာ ပါဝင်နေသေးတာကြောင့် အထူးနှင့်ခြားနားအခွင့်အရေးတွေ အပါအဝင် ထပ်မံဖြေလျှော့ပေးမှု တွေကို ရရှိထားပါတယ်။ ဆိုလိုတာကတော့ မိမိနိုင်ငံကလိုက်ပါ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေသေးတဲ့ ကိစ္စရပ်များအနက် အချို့ကို ကင်းလွတ်ခွင့်ရရှိပြီး အချို့ကို ပြင်ဆင်ချိန်တွေရအောင် ညှိနှိုင်းရယူ ဆောင်ရွက်ထားပြီး ကျန်ကိစ္စရပ်များကိုတော့ အာဆီယံနိုင်ငံများ နည်းတူလိုက်ပါ ဆောင်ရွက်လျက် ရှိပါတယ်။ တစ်ဖက်မှာလည်းပဲ နည်းပညာ ဆိုင်ရာအကူအညီတွေရဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ဆိုင်ရာ အစီအစဉ်တွေပါဝင်ဖို့ကို ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာမရှိသေးလို့ ပြဋ္ဌာန်းရန် လိုအပ်နေသေးတဲ့ ဥပဒေတွေကို ရေးဆွဲရာမှာပဲဖြစ်ဖြစ်၊ တည်ဆဲဥပဒေတွေကို ပြင်ဆင်ရာမှာပဲ ဖြစ်ဖြစ် RCEP မှာပါဝင်တဲ့ ကတိကဝတ်များနဲ့အညီ လိုက်လျောညီထွေမှု ရှိအောင် ထည့်သွင်းပြဋ္ဌာန်းနိုင်မှာဖြစ်ပြီး ဒေသတွင်းကတစ်ဆင့် ကမ္ဘာကိုမျှော်မှန်းပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရာမှာ လျော်ညီတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရာမှာ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ RCEP မှာ ပါဝင်တဲ့အတွက် နိုင်ငံတကာအဆင့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှု စနစ်တွေမှာ အခြားအဖွဲ့ဝင် နိုင်ငံများနည်းတူ ပူးပေါင်းပါဝင်နိုင်မှာဖြစ်လို့ အင်အားကြီးနိုင်ငံအချို့၏ နိုင်ငံရေး၊ လူ့အခွင့်အရေးအကြောင်း အမျိုးမျိုးပြပြီး ကုန်သွယ်မှု ပိတ်ပင်တာ၊ ရင်းနှီးမြှုပ်နှံမှုမပြုဖို့ တားမြစ်တာ စတဲ့ မလိုလားအပ်တဲ့ ဆောင်ရွက်မှုတွေကနေ နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှုများကို ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။
RCEP သဘောတူစာချုပ်မှာ အဖွဲ့ဝင်အနေနဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံပါဝင်နေတဲ့အတွက် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါး ရှိတဲ့ဈေးကွက်ကို ကိုယ်စားပြုတာကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအတွက် ကြီးမားတဲ့ဈေးကွက်ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ တို့လို နည်းပညာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ အာရှနိုင်ငံ အများစု ပါဝင်တာကြောင့်လည်း သဘောတူစာချုပ်ရဲ့ စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမယ့် အခွင့်အလမ်းတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး အုပ်စုကြီးတစ်ခုဖြစ်လာရန် မျှော်မှန်းထား
RCEP သဘောတူစာချုပ်မှာ ပါဝင်တဲ့ နိုင်ငံ ၁၆ နိုင်ငံကို ကြည့်ရင် ၂၀၁၈ ခုနှစ် စာရင်းအရ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက် နီးပါးခန့် ၄၇ ဒသမ ၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး ကမ္ဘာ့စီးပွားရေးရဲ့ ၃၂ ဒသမ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုတာတွေ့ရမှာဖြစ်လို့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး အုပ်စုကြီးများမှာ တစ်ခုအပါ အဝင်ဖြစ်လာစေရန် မျှော်မှန်းထားပါတယ်။ ဒီထက်ပြောရရင်တော့ RCEP ဟာ အဖွဲ့ဝင် ၁၆ နိုင်ငံနဲ့ပဲ ရပ်တန့်နေမယ့် စာချုပ်မဟုတ်ဘဲ အနာဂတ်၌ ချီလီ၊ ကနေဒါနဲ့ ဟောင်ကောင် တို့ကလည်း RCEP မှာ ပါဝင်လာဖို့ စိတ်ဝင်စားလျက် ရှိတာ တွေ့ရသလို အခြားစိတ်ဝင်စားတဲ့ နိုင်ငံများလည်း ရှိနေပါတယ်။
RCEP မှာ ပါဝင်တဲ့ နိုင်ငံအားလုံးက ကုန်သွယ်မှုပြုလုပ်နိုင်တဲ့ ကုန်စည်ရဲ့ ၉၂ ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ်ခွင့် ပြုကြရ မှာဖြစ်ပေမယ့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က ၈၆ ရာခိုင်နှုန်းကိုသာ အကောက်ခွန် ကင်းလွတ်ခွင့်ပြုဖို့ သဘောတူ ထားပါတယ်။ ဒါ့အပြင် စာချုပ် အသက်ဝင်မယ့်ချိန်မှာ ကျန်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကို အခွန်ကင်းလွတ် ခွင့်ပြုရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၃၀ ရာခိုင်နှုန်းကိုသာ စတင်ပြီး အခွန်ကင်းလွတ် ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ၁၀ နှစ်အကြာမှာ ကုန်စည်လိုင်း စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ကျန်တဲ့နိုင်ငံတွေက အခွန်ကင်းလွတ်ခွင့် ပြုရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံက ၁၅ နှစ် အကြာမှ အခွန်ကင်းလွတ် ခွင့်ပြုရဖို့ ညှိနှိုင်းထားပါတယ်။
ဒါ့အပြင် RCEP အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက ထုတ်ကုန်တွေဟာ RCEP ဒေသဈေးကွက်အတွင်း ဝင်ရောက်လာပြီး အကောက်ခွန် သက်သာခွင့်တွေ ရယူခံစားသွားမယ့် အခြေအနေတွေကို တားဆီးဖို့ အတွက် RCEP အဖွဲ့ဝင်နိုင်ငံ အသီးသီးက ထုတ်လုပ်လိုက်တဲ့ ကုန်စည်တွေဖြစ်တဲ့ အကြောင်း သေချာစေမယ့် စည်းမျဉ်း သတ်မှတ်ချက်တွေကိုလည်း ရေးဆွဲပြုစုနေပါတယ်။ စည်းမျဉ်းတွေကို ပင်ရင်းနိုင်ငံ စည်းမျဉ်း (Rules of Origin) လို့ နိုင်ငံတကာ အခေါ်အဝေါ်အရ ဆိုပါတယ်။ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမှသာ အဖွဲ့ဝင်နိုင်ငံတစ်ခုကို တင်သွင်းလာတဲ့ ကုန်စည်က အကောက်ခွန် သက်သာကင်းလွတ်ခွင့် ခံစားရရှိမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ပါဝင်အကောင်အထည် ဖော်ဆောင်လျက်ရှိတဲ့ လွတ်လပ်သော ကုန်သွယ်မှုဒေသ (FTA) စာချုပ်တွေမှာတော့ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ် ကုန်တင်ပို့ နိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းက စိစစ်ခွင့်ပြုထုတ်ပေးတဲ့ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ် (Certificate of Origin-CO) ကို အသုံးပြုလျက်ရှိပြီး၊ ယခု RCEP မှာတော့ ဒီစနစ်သာမက ပို့ကုန် တင်ပို့သူက ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကိုယ်တိုင်ကြေညာ နိုင်တဲ့စနစ်(Self-Declaration System of Origin) ကိုပါ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။
ဒါ့အပြင် RCEP ရဲ့ ပင်ရင်းနိုင်ငံစည်းမျဉ်းများကို သတ်မှတ်ရာမှာ နိုင်ငံ ၁၆ နိုင်ငံက ပင်ရင်း ကုန်ကြမ်းများနဲ့ ပေါင်းစပ်ထုတ်လုပ်တဲ့ ကုန်စည်များအတွက် စည်းမျဉ်းများကိုပါ ထည့်သွင်းသတ်မှတ် ထားတာကြောင့် ဒေသတွင်း တန်ဖိုးမြှင့် ထုတ်လုပ်မှု ကွင်းဆက်ကို မြှင့်တင်ရာရောက်မယ့်အပြင် ဒီအခွင့်အလမ်းကို အသုံးချပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်နိုင်မှာဖြစ်လို့ RCEP အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံကဲ့သို့သော ပထဝီအနေအထားအရ အချက်အချာ ကျတဲ့နိုင်ငံအနေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစူးစိုက်ရာ၊ မျက်စိကျစရာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပေါ်ထွန်းလာနိုင်သည့် အခွင့်အလမ်းကောင်းများကိုလည်း ထပ်လောင်း ရရှိမှာ ဖြစ်ပါတယ်။
မြန်မာ့ပို့ကုန်ကဏ္ဍ တိုးမြှင့်ဖို့ အခွင့်အလမ်းကောင်းတွေ
ရရှိလာမှာဖြစ်
စီးပွားရေး အင်အားတောင့်တင်းတဲ့ အဖွဲ့ဝင်နိုင်ငံများက ဒီစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို အခြေခံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်လာနိုင်မှာဖြစ်သလို မြန်မာနိုင်ငံနဲ့ အဖွဲ့ဝင်နိုင်ငံများ အကြား အပြန်အလှန် ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ကောင်းများလည်း ရရှိမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံက အငယ်စား၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အနေနဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တွေ ပါဝင်တာကြောင့် နည်းပညာ ဆိုင်ရာ အကူအညီတွေကို ထိထိရောက်ရောက် အသုံးချပြီး နိုင်ငံရဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ကောင်းတွေရရှိမှာ ဖြစ်ပါတယ်။ မြန်မာ့ထုတ်ကုန်များဟာ ဒေသတွင်း သာမက ကမ္ဘာ့ဈေးကွက်အတွင်းကို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများလည်း ရရှိမှာ ဖြစ်ပါတယ်။ စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှုစနစ်အတွက် စိန်ခေါ်မှုများ ရှိနေချိန်လည်းဖြစ်လို့ RCEP လို ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုအဖွဲ့အစည်းတွင် ပါဝင်ခွင့်ရခြင်းဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။ နိုင်ငံရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူ ပြုစေနိုင်မယ်လို့ ယုံကြည်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
စောကလျာ(ရင်းနှီး/စီးပွား)

No comments:

Post a Comment