Mr.
Michael Lodge (ISA - အထွေထွေအတွင်းရေးမှူးချုပ်)
ပင်လယ်ကြမ်းပြင်
အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံ နှင့် ဘင်းမ်စတက်ဒေသတွင်း အသိပညာပေးအလုပ်ရုံ
ဆွေးနွေး ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့တွင် နေပြည်တော်ရှိ Park
Royal ဟိုတယ်၌ ကျင်းပရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ
ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့-International Seabed Authority (ISA) အထွေထွေအတွင်းရေးမှူးချုပ်
Mr. Michael Lodge နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး
။ ။ ပထမဆုံးအနေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ
။ ။ ကျွန်တော်တို့ ISA မှာမြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၈ နိုင်ငံရှိပါတယ်။
ကျွန်တော်တို့အဖွဲ့ဟာ မြန်မာနိုင်ငံ သာမက အာဆီယံနဲ့ ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံတွေပါဝင်တဲ့
အရေးပါတဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပဖို့ အလွန်ဝေးကွာ တဲ့
ခရီးကို လာရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးပွဲဟာ ကျွန်တော်တို့ အတွက် အင်မတန်ကို အရေးကြီးပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအများစုဟာ ISA အဖွဲ့ဝင်
နိုင်ငံတွေ ဖြစ်လို့ပါပဲ။ ဒါ့ကြောင့် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေက Blue
Economy ကို ဘယ်လို တိုးတက်အောင် လုပ်ဆောင်မလဲဆိုတာ ဆွေးနွေးဖို့ ကျွန်တော်တို့ ဒီသီတင်းပတ်အတွင်း
မြန်မာနိုင်ငံမှာ အစည်းအဝေးကျင်းပရခြင်း ဖြစ်ပါတယ်။ Blue Economy ဆိုတာကတော့ အဏ္ဏဝါဆိုင်ရာ
စီးပွားရေးလုပ်ငန်းကို ဆိုလိုပါတယ်။ အထူးသဖြင့် ရေနံ၊ သဘာ၀ဓာတ်ငွေ့နဲ့ သတ္တုအပါအဝင်
ပင်လယ်သမုဒ္ဒရာ သယံဇာတတွေကို စဉ်ဆက်မပြတ် အသုံးပြုနိုင်ဖို့ဖြစ်ပါ တယ်။
မေး
။ ။ ဒီအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံအတွက် ပင်လယ်ကြမ်းပြင် သုတေသနဖွံ့ဖြိုးမှု အတွက်
ဘယ်လိုအထောက်အကူပေးနိုင်မလဲ ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ
။ ။ ISA အဖွဲ့ဟာ ပင်လယ်သမုဒ္ဒရာဆိုင်ရာ သိပ္ပံသုတေသနပြုမှု မြှင့်တင် ရာမှာ ထဲထဲဝင်ဝင်
ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပင်လယ် သမုဒ္ဒရာဆိုင်ရာ သိပ္ပံသုတေသနပြု
မှုအကြောင်း လေ့လာနေပါတယ်။ ဒါကြောင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ သိပ္ပံသုတေသနပြုမှုကို
မြှင့်တင်ပြီး အားပေးချီးမြှောက်ဖို့ အရေးကြီး ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ပင်လယ်နေ
ဇီ၀မျိုးစုံ မျိုးကွဲတွေ၊ သယံဇာတ အရင်းအမြစ်တွေရဲ့ သဘောသဘာ၀နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့
အရင်းအမြစ်တွေအကြောင်းနဲ့ ကျွန်တော်တို့ အရင်းအမြစ်တွေကို ဘယ်လို စဉ်ဆက်မပြတ် အသုံးပြုနိုင်တယ်ဆိုတာ
ပိုမိုနားလည်နိုင်မှာ ဖြစ်ပါတယ်။ ပင်လယ်နေ ဇီ၀မျိုးစုံမျိုးကွဲတွေကို ကျွန်တော်တို့
ဘယ်လို နည်းလမ်းနဲ့ ထိန်းသိမ်းနိုင်တယ်ဆိုတာ အရေးကြီးပါတယ်။
မေး
။ ။ မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထား တဲ့အတွက် မြန်မာနိုင်ငံမှာ
ပင်လယ်သမုဒ္ဒရာဆိုင်ရာ သုတေသနနဲ့ အခြားလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ဖို့ ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ
။ ။ မြန်မာနိုင်ငံက ရှည်လျားတဲ့ ကမ်းရိုးတန်း ပိုင်ဆိုင်ထားပါတယ်။ ရေမိုင် ၂၀၀ ကို
မြန်မာနိုင်ငံက ထိန်းချုပ်ထားပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။
ကျွန် တော်တို့ ISA အဖွဲ့ရဲ့ တာဝန် ကတော့ နိုင်ငံတကာ ရေပိုင်နက်ဖြစ်တဲ့ ရေမိုင် ၂၀၀
ကျော်တဲ့ ဧရိယာ ကို စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ ရေမိုင် ၂၀၀ ရဲ့အလွန် ဧရိယာဟာ နိုင်ငံအားလုံးနဲ့
သက်ဆိုင်ပါတယ်။ ဒါကြောင့် ISA ရဲ့ အရေးကြီးတဲ့ လုပ်ငန်းကဏ္ဍ တစ်ခုကတော့ နိုင်ငံတကာရဲ့
ပူးပေါင်းဆောင်ရွက် မှုဖြစ်ပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဒေသတွင်း
တိုင်းပြည် တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အားပေးချင်လို့ ဒီအစည်းအဝေး ကို မြန်မာနိုင်ငံမှာ
ကျင်းပခြင်းဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ နိုင်ငံအားလုံး ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်ဆိုင်ရာ
တရားစီရင်ပိုင်ခွင့် အာဏာထက်ကျော်လွန်တဲ့ ပင်လယ်သမုဒ္ဒရာ ဧရိယာကို ကျွန်တော်တို့ စုပေါင်းစီမံခန့်ခွဲနိုင်ဖို့
နည်းလမ်းရှာဖွေမှာဖြစ်ပါတယ်။
မေး
။ ။ ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွက် သင်တန်းတွေ ပေးသွားမယ့် အစီအစဉ်တွေ ရှိ၊ မရှိ သိပါရစေ။
ဖြေ
။ ။ ကျွန်တော်တို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သင်တန်းပေးရေး အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့ ISAက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံကလည်း
ISA အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် သင်တန်းပေးရေး အစီအစဉ် အတွက် အကျုံးဝင်တဲ့နိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက်သာမက အာဆီယံနိုင်ငံတွေအတွက်ပါ သင်တန်းပေးရေးအစီအစဉ်တွေက အကျိုးကျေးဇူး
ရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်စရာများစွာ ရှိနေပါသေးတယ်။ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့
သင်တန်းပို့ချရေး အကြောင်း ပိုမိုသိရှိနားလည်ဖို့ မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေရဲ့အသံကို
နားထောင်ရမှာ ဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ အစည်းအဝေး နှစ်ရက်တာကာလကို စိတ်ဝင်စားမိပါတယ်။
ကျွန်တော်တို့ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အနာဂတ်မှာ ပိုမိုဆောင်ရွက် နိုင်မယ်လို့
မျှော်လင့်ပါတယ်။ ဒါဟာ ကနဦး အစပဲရှိပါသေးတယ်။ ရေရှည်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေ
အတွက် အကျိုးဖြစ်ထွန်းစေ တဲ့အရာတွေ ပိုမိုဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး
။ ။ အာဆီယံဒေသအပါအဝင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်တဲ့ ဒီအစည်းအဝေးကနေ ဘယ်လိုအကျိုးကျေးဇူးတွေ
ရမယ်လို့ မျှော်လင့်ပါသလဲ။
ဖြေ
။ ။ ဒီဒေသတွင်းက နိုင်ငံတွေမှာ အလားအလာကောင်းတွေ များစွာရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသဟာ ပင်လယ်ဆိုင်ရာဥပဒေကတစ်ဆင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးကို
အလေးထားဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒါဟာကောင်းမွန်တဲ့ အစခရီးပဲဖြစ်ပါ တယ်။
ဒီဒေသဟာ ပင်လယ် သမုဒ္ဒရာနဲ့ ပတ်သက်လို့ စိတ်ဝင်စားသလို သက်မဲ့အရင်း အမြစ်တွေ၊ သက်ရှိအရင်းအမြစ်တွေအပါအဝင်
ပင်လယ်သယံဇာတတွေ၊ လူ့စွမ်းအား အရင်းအမြစ်လို အရင်းအမြစ်တွေ အများအပြား ရှိပါတယ်။ တက္ကသိုလ်တွေ၊
သိပ္ပံအကယ်ဒမီတွေ မှာလည်း သင်တန်းတွေ အများကြီးလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့
အမှန်တကယ် ဆောင်ရွက်ဖို့ စိတ်ဝင်စားတာကတော့ အနာဂတ်ကာလမှာ ဘယ်လို အကူအညီပေးရမလဲ။ ပင်လယ်သမုဒ္ဒရာ
သိပ္ပံပညာဟာဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် စိန်ခေါ်မှုတွေများစွာ ရှိနေပါတယ်။
ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံတွေဆီက လူသားရင်းမြစ်တွေ၊ အကူအညီတွေရရှိဖို့ လိုအပ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေ
ပိုမိုပါဝင်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ နည်းလမ်းတွေ ကြိုးစားရှာဖွေမှာ ဖြစ်ပါတယ်။
အောင်ဇော်လင်း၊
ကျော်ထိုက်စိုး
ဓာတ်ပုံ-
မိုက်ကယ်ထန်း

No comments:
Post a Comment