Monday, September 23, 2019

တောင်သူလယ်သမားများသို့ အသိပေးကြေညာခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေပေးဝေ နိုင်ရေး ရည်ရွယ် တည်ဆောက်ထားသည့် ရေလှောင် တမံများတွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှု နည်းပါး လျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက် ထုတ်လုပ်လျက်ရှိသော သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စသည့်ဘက်စုံ ရေလှောင်တမံကြီးများတွင် တမံအတွင်း ရေလှောင် ပမာဏများမှာ ယခင်နှစ်ကာလတူ ပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်း လျက်ရှိပါသည်။ အဆိုပါ ရေလှောင်တမံကြီးများမှာ လက်ရှိတွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ဒေသတွင်းသောက်သုံး ရေလည်း လိုအပ်သလိုပေးဝေရလျက် ရှိပါသည်။

ဤကဲ့သို့ ရေလှောင်ပမာဏများ လျော့နည်းနေမှု အခြေအနေများအရ မိုးကောင်းသောက် ဧရိယာ မဟုတ် သော ဒေသများတွင် မိုးစပါး စိုက်ပျိုးရေ ပေးဝေရသည့် ရေလှောင်တမံများအနေဖြင့် နှစ်စဉ် လျာထား စိုက်ပျိုးသည့် မိုးစပါးစိုက်ဧက များအပေါ်တွင် စိုက်ပျိုးရေကို အထူးခြိုးခြံ ချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံး ပမာဏဖြင့် ပေးဝေနိုင်ရန် အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဒေသ ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရေသောက်တောင်သူများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။
မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေ ပေးဝေပြီးနောက်တွင် တမံအတွင်း ကျန်ရှိ သိုလှောင်ရေပမာဏ အပေါ် မူတည်၍ ဒေသသောက် သုံးရေ လိုအပ်ချက်ကို ဦးစားပေး လျာထားပြီးမှ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုး ရေပေးဝေမည့် ဧကများကို လျာထားစီမံသွားရမည်ဖြစ်ပါသည်။
မိုးစပါး စိုက်ပျိုးရေပေးဝေနေရသည့် ရေလှောင်တမံများတွင် ယခုလက်ရှိ ရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေ ရယူ သုံးစွဲလျက် ရှိသော တောင်သူလယ်သမားများအနေဖြင့် ဆည်ရေကို အထူး ခြိုးခြံချွေတာပြီး အလေအလွင့်မရှိအောင် ရယူသုံးစွဲကြရန်၊ ရေသောက်တောင်သူအချင်းချင်း ညီညွတ် မျှတသည့် စိတ်ဓာတ်ဖြင့် ဌာနမှ သတ်မှတ်ထားသည့် ရေလှည့် ဇယားများအတိုင်း လိုက်နာ ဆောင်ရွက် ကြရန်နှင့် စိုက်ပျိုးရေအခက်အခဲများ ဖြစ်ပေါ်ပါက သက် ဆိုင်ရာ ဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများ နှင့် ဆက်သွယ်ပြီး ညှိနှိုင်း စီမံဆောင် ရွက်ကြရန်ဖြစ် ပါသည်။
ယခုမိုးရာသီအကုန်၌ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်ထားနိုင်မှု အခြေအနေများအပေါ်မူတည်၍ နွေစပါးနှင့် အခြား သီးနှံစိုက်ပျိုးရာသီတွင် ရေလိုအပ်ချက်နည်းသော သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်လာပါက တောင်သူလယ်သမားများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှု အဖွဲ့များနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေးစီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

No comments:

Post a Comment