နေပြည်တော် စက်တင်ဘာ ၁၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည်
ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့်
တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်
နိုင်ငံတို့၏ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်
ညီလာခံသို့ တက်ရောက်သည်။
ညီလာခံကို “ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊
ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ရွှေ့ပြောင်း အလုပ်သမားများ
အကာအကွယ်ပေးရေးကို ဦးတည်၍ လူမှုဖူလုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း”
ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ညီလာခံသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊
ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများနှင့်
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး
ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei
Techo HUN Sen က အမှာစကား ပြောကြားသည်။
ယင်းနောက် ညီလာခံသဘာပတိအဖြစ်
ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ အလုပ်သမားနှင့် သက်မွေးဝမ်းကျောင်း
သင်တန်းဝန်ကြီးဌာန၊ ဝန်ကြီး Mr. Ith Samheng က ဆောင်ရွက်ပြီး အလုပ်သမား၊
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေနှင့် လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမား
ဝန်ကြီးများက အမှာစကား ပြောကြားကြသည်။
ညီလာခံတွင် ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများအတွက်
လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်သော
အလုပ်သမားဝန်ကြီးအဆင့် ကြေညာစာတမ်းကို ဦးတည်ဆောင်ရွက်မည့် ဆီရမ်ရိ
လမ်းပြမြေပုံနှင့် “ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်
ဗီယက်နမ်နိုင်ငံများတွင် ရွှေ့ပြောင်း အလုပ်သမားများ အကာအကွယ်ပေးရေးကို
ဦးတည်၍ လူမှုဖူလုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း” ဆိုင်ရာ
တတိယအကြိမ်မြောက် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု
အလုပ်သမားဝန်ကြီးအဆင့် ညီလာခံ၏ ရလဒ်များ အပေါ် ပူးတွဲကြေညာချက်ကို
အလုပ်သမားဝန်ကြီးများက အတည်ပြု ချမှတ်ခဲ့သည်။
ဝန်ကြီးအဆင့် ညီလာခံမတိုင်မီ စက်တင်ဘာ ၁၆ ရက်တွင်
(၅) ကြိမ်မြောက် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်
အလုပ်သမားအရာရှိကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပြီး အလုပ်သမား
ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့
ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံမှ
ကိုယ်စားလှယ်အသီးသီးက ရွှေ့ပြောင်းအလုပ်သမားများ အတွက်
အကျိုးခံစားခွင့်လွှဲပြောင်းရယူနိုင်သည့် လူမှုဖူလုံရေး စနစ်သို့ ဦးတည်
ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ နိုင်ငံအဆင့်တင်ပြမှုများ ပြုလုပ်ခဲ့
သည်။
ဒုတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊
ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့၏ အလုပ်သမားရေးရာ
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလုပ်သမားဝန်ကြီးအဆင့် ညီလာခံကို ၂၀၁၇
ခုနှစ်၊ သြဂုတ် ၁ ရက်မှ ၂ ရက်ထိ ဗီယက်နမ်နိုင်ငံတွင် ရွှေ့ပြောင်း
အလုပ်သမားများအတွက် လူ့စွမ်းအား အရင်းအမြစ်နှင့် အလုပ်အကိုင်
ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး
တိုက်တွန်းချက် ၉ ခုပါဝင်သည့် လုံခြုံစိတ်ချစွာ
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို
ထုတ်ပြန်နိုင်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း
ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ၊ အလုပ်သမား နှင့် သက်မွေးဝမ်းကျောင်း သင်တန်း
ဝန်ကြီးဌာန၊ ဝန်ကြီး Mr. ITH Samheng နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ
အလုပ်သမားရေးရာ ကိစ္စရပ်များကို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန်
ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment