ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံများကို ဂုဏ်ပြုရန်၊ အုပ်ချုပ်ရေး အစိုးရအဖွဲ့များအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန်၊ ပြည်သူများအကြား ဒီမိုကရေစီ စိတ်ဓာတ် အစဉ်ရှင်သန် နိုးကြားကြစေရန်၊ ဒီမိုကရေစီကျင့်စဉ် ပြုပြင်ပြောင်း လဲမှုများကို နောင်အနာဂတ် ကာလတွင်ပါ အစဉ်အမြဲ လုပ်ဆောင်နိုင်ကြစေရန်၊ ဒီမိုကရေစီလူ့ဘောင်အဖွဲ့ အစည်းကို မြှင့်တင်ရန်၊ နိုင်ငံရေးနယ်ပယ်မှ လူငယ်များပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်၊ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ပူးပေါင်းပါဝင်လာရန်နှင့် နိုင်ငံတကာတွင် ဒီမိုကရေစီစနစ်ကို ပိုမိုကျင့်သုံးလာစေရန် ရည်ရွယ်၍ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) က အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ House of Parliament တွင် ကျင်းပခဲ့ပါသည်။
နိုင်ငံတကာ ပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) ဆိုသည်မှာ အချုပ်အခြာ အာဏာပိုင်နိုင်ငံများ၏ ပြည်ထောင်စုအဆင့် ပါလီမန်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါ သည်။ IPU ကို ၁၈၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီစနစ် ခိုင်မာစွာ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ကမ္ဘာ့ပါလီမန်များအကြားတွင် ဆွေးနွေးဆောင်ရွက်ကြရန် ရည်ရွယ်ပါသည်။ IPU သည် ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများ တိုးတက်ခိုင်မာရေး၊ နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ်ဆိုင်ရာ ကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ပါသည်။ IPU ရုံးချုပ်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တည်ရှိပါသည်။
အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ဥပဒေများနှင့် အညီဖွဲ့စည်းထားသော၊ ထိုနိုင်ငံရှိလူဦးရေကို ကိုယ်စားပြုသော၊ ထိုနိုင်ငံ၏ နယ်မြေအတွက် လုပ်ငန်း ဆောင်ရွက်သော လွှတ်တော်တိုင်းသည် IPU သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထား နိုင်ပါသည်။ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၉ နိုင်ငံရှိပြီး မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံရှိပါသည်။
ပြန်လည်ဝင်ရောက်
မြန်မာလွှတ်တော်သည် ၁၉၅၇ ခုနှစ် မှ ၁၉၆၃ ခုနှစ်အထိ IPU အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်သည် IPU အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ရန် ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အတည်ပြု ဆုံးဖြတ်ခဲ့ပြီး IPU အဖွဲ့သို့ ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ပြန်လည် ဝင်ရောက်ခဲ့ပါသည်။
မြန်မာလွှတ်တော်သည် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အဖွဲ့ဝင် ဖြစ်သည့် အလျောက် နိုင်ငံတကာ လွှတ်တော်များနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရေးရည်ရွယ်၍ နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီကို ၂၀၁၃ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါ သည်။ ထို့အပြင် IPU မှ တိုက်တွန်းနှိုးဆော်သည့် အထိမ်းအမှတ်ပွဲများနှင့် ဟောပြောပွဲများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါသည်။ နှစ်စဉ်ကျင်းပသော IPU ညီလာခံနှင့် အစည်းအဝေး များသို့လည်း ပုံမှန် တက်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ဒီမိုကရေစီစနစ်သည် မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမည့် စနစ်ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ကျား/မ တန်းတူညီ မျှခြင်း စသည့် အခြေခံမူများကို အလေးထားလိုက်နာ၍ ကျင့်ကြံနေထိုင်မှသာ အနာဂတ် ဒီမိုကရေစီစနစ်ကို ပိုမိုရှင်သန်ဖွံ့ဖြိုးစေနိုင်ပြီး ပူးပေါင်းကာကွယ်ရာ ရောက်မည် ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်တွင် အခြေခံအားဖြင့် ပြည်သူက အုပ်ချုပ်ခြင်းဖြစ်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား ပြည်သူများထံမှ ဆင်းသက် ပြီး ပြည်သူ့ဆန္ဒအရ ရွေးကောက်တင်မြှောက်ခြင်းခံထားရသူများက ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရပါသည်။ ထို့အပြင် မိမိနိုင်ငံနှင့် အံဝင်ခွင်ကျပြီး လက်တေွ့ ဘ၀နှင့်ကိုက်ညီမည့် ဒီမိုကရေစီ စနစ်ကိုသာ ကျင့်သုံးရမည်ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူအများစု၏ မျှော်လင့်ချက်၊ လိုလား တောင့်တချက်များကို ဦးစားပေးဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ လူနည်းစု၏ အရေးကိစ္စရပ်များကိုလည်း မလွဲမသွေ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် အညီ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှုများ လိုအပ်ပါသည်။ မတူကွဲပြားမှုများကို တွန်းအားအဖြစ် အသွင်ပြောင်းကာ ယုံကြည်စိတ် လျော့နည်းမှုများ၊ သံသယစိတ်များ၊ စိတ်ဝမ်း ကွဲပြားမှုများကို စည်းလုံးညီညွတ်မှု အားဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။
မဆုတ်မနစ်ကြိုးပမ်း
ယနေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့်သာယာ ၀ပြောရေးစသည့် ရည်မှန်းချက်ပန်းတိုင်များကို တည်ဆောက် အကောင် အထည်ဖော်လျက်ရှိရာ တစ်ခုနှင့်တစ်ခုမှာ အပြန်အလှန် အထောက် အကူပြု ဆက်စပ်လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် ပြည်သူအားလုံး မဆုတ်မနစ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံး လာခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်ထောင်စုလွှတ်တော်၏ ဦးဆောင်မှုဖြင့် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်သူများက ရွေးချယ်တင်မြှောက်သော ပြည်သူ့ ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်အသီးသီးသည် ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်သည် အခြေခံ ဥပဒေ၏ အပ်နှင်းထားချက်များအရ တာဝန်များကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲပြီး အချင်းချင်းအပြန်အလှန် ထိန်းကျောင်းလျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို နေပြည်တော်လွှတ်တော် ဝင်းအတွင်းရှိ သဘင်ဆောင်၌ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာယခု ၂၀၁၉ ခုနှစ်တွင် (၉) ကြိမ်မြောက်ကျင်းပမည် ဖြစ်ပါသည်။
ဒီမိုကရေစီ ကျင့်သုံးနေသော ကမ္ဘာ့နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဒီမို ကရေစီနေ့အခမ်းအနားများ ကျင်းပသကဲ့သို့ မြန်မာနိုင်ငံသည်လည်း ပါတီစုံ ဒီမိုကရေစီကျင့်သုံးလျက်ရှိသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကို အနှစ်သာရရှိစွာ ကျင်းပခြင်းဖြစ်သည်။
ကြိုတင်ညှိနှိုင်း
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား မကျင်းပမီအချိန်ကပင် ကြိုတင်ပြင်ဆင်မှုများအဖြစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ
ကျင်းပခြင်းဖြင့် ကြိုတင်စီစဉ် ညှိနှိုင်းကြပါသည်။ ယခုနှစ် အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် စာတမ်းများ ဖတ်ကြားခြင်း၊ တက္ကသိုလ်အဆင့်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ယှဉ်ပြိုင် ကျင်းပခြင်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက် ထားရှိပါသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ်အထိ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) က နှစ်စဉ်ထုတ်ပြန်သည့် အောက်ပါ ဆောင်ပုဒ်များနှင့်အညီ ကျင်းပခဲ့ပြီး ဖြစ်ပါသည်-
-၂၀၁၁-
What do citizens expect from their parliament
ပြည်သူတို့မျှော်လင့်ချက်လွှတ်တော်က ဖော်ဆောင်ရွက်
-၂၀၁၂-
Dialogue and Inclusiveness Central to Democracy
အများပါဝင်ဆွေးနွေးလျက်…… ဒီမိုကရေစီ ဗဟိုချက်
-၂၀၁၃-
Strengthening Voices for Democracy
ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး
-၂၀၁၄-
Engaging Youth on Democracy
ဒီမိုကရေစီဖော်ဆောင်ရေး လူငယ်များ ဝိုင်းဝန်းဆောင်ရွက်ပေး
-၂၀၁၅-
Public Participation for Democracy
ဒီမိုကရေစီအရေးအတွက် ပြည်သူများပါဝင်ဆောင်ရွက်
-၂၀၁၆-
Democracy 2030
အားလုံးပူးပေါင်းပါဝင်စို့ ဒီမိုကရေစီ ၂၀၃၀ သို့
-၂၀၁၇-
In Defence of Democracy
ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့
-၂၀၁၈-
Oversight
ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ်ဆောင်ပုဒ်(Theme) များ
ယခုနှစ်တွင်လည်း (Participation) “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်မည်ဖြစ်ပါသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသည် ဒီမိုကရေစီဟူသည်မှာ လူသားတို့၏ အရေးအရာ ကိစ္စများဖြစ်သည်ဟူသော အချက်ကို ပြန်လည် အမှတ်ရစေရန် နှိုးဆော်ပေးသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ ဒီမိုကရေစီကို လူသားအားလုံးပါဝင်မှု၊ တူညီမျှတစွာ ပြုမူ ဆက်ဆံမှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှု တို့ဖြင့် တည်ဆောက်ရန်လိုအပ်ပါ သည်။ ဒီမိုကရေစီသည် ငြိမ်းချမ်းရေး၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး တို့ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်လည်း ဖြစ်ပါသည်။
အကျိုးသက်ရောက်မှုရှိ
စစ်မှန်သော ဒီမိုကရေစီကို အရပ်ဘက်အသိုက်အဝန်းနှင့် နိုင်ငံ့ရေးရာ စီမံ ခန့်ခွဲသူများအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုအပေါ်တွင် တည် ဆောက်ထားပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးမှုသည် နိုင်ငံ့အရေး ဆုံးဖြတ် ချက်များအပေါ်တွင် အမှန်တကယ် အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါသည်။ ဤအချက်သည် နိုင်ငံ့အရေးတွင် ပါဝင်ဆောင်ရွက်မှု၊ ပြည်သူတို့၏ အခန်းကဏ္ဍနှင့် ပြည်သူ့ရေးရာဆွေးနွေးမှုတို့သည် ကောင်းမွန်သော အုပ်ချုပ်မှု၏ အဓိက အခြေခံ အကြောင်းရင်းလည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်ပေါင်းစည်းမှု ဖြစ်စဉ်နှင့် နည်းပညာတိုးတက်မှုတို့၏ အကျိုးသက် ရောက်မှုများ ဖြစ်ပေါ်နေသည့် ယနေ့ကမ္ဘာတွင် အထက်ပါအချက်သည် ပိုမို၍ မှန်ကန်လျက်ရှိပါသည်။
ဒီမိုကရေစီစနစ် ထာ၀စဉ်ရှင်သန်ဖွံ့ ဖြိုးရေးအတွက် စနစ်တကျ ပြုစုစောင့်ရှောက် မှုများ များစွာလိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံသူ နိုင်ငံသား တစ်ဦး တစ်ယောက်ချင်းစီ၏ ကြိုးပမ်းမှုများသည် ဒီမိုကရေစီစနစ် အားကောင်း ခိုင်မာရေးအတွက် လွန်စွာအရေးကြီးလှပါသည်။
မိမိတို့နိုင်ငံကို နိုင်ငံသူ နိုင်ငံသားများအားလုံးရည်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာတွင် နိုင်ငံသူ နိုင်ငံသား အားလုံး တက်ညီလက်ညီ ပါဝင်ကြိုးပမ်း ဆောင်ရွက်ရေးသည် အလွန်အရေး ကြီးလှပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံသားအားလုံး မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူများအားလုံး၏ စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းတည်ဆောက် အကောင် အထည်ဖော်နေချိန်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ (Participation) “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယခုနှစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားမှတစ်ဆင့် ပြည်သူလူထုအတွင်း ဒီမိုကရေစီကျင့်စဉ်များ ပိုမို ရှင်သန်ရေး ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။
သုတေသီတစ်ဦး(ပြည်ထောင်စု)

No comments:
Post a Comment