Wednesday, August 7, 2019

Myanmar Sat 2 ပါဝင်သည့် Intelsat 39 အောင်မြင်စွာလွှတ်တင်

နေပြည်တော် ဩဂုတ် ၇
Myanmar Sat 2 ပါဝင်သည့် Intelsat 39 ကို ယနေ့ နံနက် ၂ နာရီတွင် တောင်အမေရိကတိုက် မြောက်အတ္တလန်တိတ်ကမ်းခြေရှိ ပြင်သစ်ဂီယာနာအာရိယန် အာကာသဒုံးပျံ ပစ်လွှတ်ရေး အခြေစိုက်စခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုကို Ariane 5 ECA ဒုံးပျံဖြင့် လွှတ်တင် ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးပျံတွင် မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တု နှင့် EDRS-C ဂြိုဟ်တု နှစ်လုံးပါဝင်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက “Myanmar Sat 2 ကို အသုံးပြုပြီး ၉၅ ရာခိုင်နှုန်းသော ပြည်သူလူထုတွေ ကောင်းမွန်တဲ့ ဆက်သွယ်ရေးရရှိစေဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးကဏ္ဍတွေအတွက် e-government လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် ထောက်ပံ့ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်”ဟု ပြောသည်။
Myanmar Sat 2 သည် Intelsat Satellite Operator နှင့် ပူးပေါင်းလွှတ်တင်ခြင်းဖြစ်ပြီး မြန်မာပိုင်သည့် အပိုင်းကို Myanmar Sat 2 ဟု အမည်တပ်ခွင့်ရခဲ့ကြောင်း၊ နောက်ဆုံးပေါ် နည်းပညာ အသုံးပြု ထားသည့်အတွက် Myanmar Sat 1 ထက် အဆ ၈ ဆမှ ၁၀ ဆ အထိ ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့်သည့် ဆက်သွယ်မှုများ ရရှိနိုင်ကြောင်း၊ ဖမ်းယူမှုအား ပိုမို ရရှိသည့်အတွက် Myanmar Sat 2 အသုံးပြုသည့် မိုဘိုင်းအင်တာနက်နှင့် အခြားဆက်သွယ်ရေး များတွင်လည်း မြန်နှုန်းပိုမိုရရှိ လာမည်ဖြစ်ကြောင်း။
Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ရေးအတွက် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှု စာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်တွင် စတင်လက်မှတ်ရေးထိုးပြီး အဆိုပါဂြိုဟ်တုကို Intelsat အတွက် မာဇာနည်းပညာကုမ္ပဏီက (၅၂)စင်းမြောက် ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်ဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment