နေပြည်တော် သြဂုတ် ၇
လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေမှုနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း
တိုးတက်သုံးစွဲနိုင်မှု အခြေအနေ များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်
လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ကျင်းပသည်။အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထားသည့်အတွက် ၁၀ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း ထပ်မံရရှိရေး ဆောင်ရွက်ရာတွင် မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ဘက်ပေါင်းစုံမှ ကြိုတင်စဉ်းစား ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ဆောင်ရွက် ရန်နှင့် ပြည်သူလူထုအား နားလည် သဘောပေါက်အောင် ချပြရှင်းလင်း ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ရရှိသည့်ဘဏ္ဍာငွေ များဖြင့် ပြည်သူလူထုအတွက်လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရာတွင် အကျိုးရှိရှိစဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူကိုဦးစားပေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိထိ ရောက်ရောက် ဆောင်ရွက်ကြရန်လိုကြောင်း ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများအပေါ် ပေးရသည့် အခကြေးငွေ နှင့် ထိုက်တန်သည့် ဝန်ဆောင်မှု မျိုး ဖြစ်ရန်လိုအပ်ကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအနက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူနှင့် အဓိက ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တိုင်းဒေသကြီး /ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများသည် ဝန်ဆောင်မှုကောင်းရန် လိုအပ်ကြောင်း၊ ပြည်သူတို့၏ တုန့်ပြန်မှု၊ တောင်းဆိုမှုများကို အထူးဂရုပြု ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် တင်ဒါလုပ်ငန်း ဆောင်ရွက်မှုများတွင်လည်း လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်စေရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများအား အဆင့်ဆင့်တင်ပြ၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် မိမိတို့၏လုပ်ငန်း အတွေ့အကြုံ၊ ဘဝအတွေ့ အကြုံ၊ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ပြည်သူ လူထုအတွက် အရည်အသွေး ပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ်တို့က မိမိတို့ဒေသအလိုက် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေမှုနှင့် ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် အမြင့်ဆုံး သုံးစွဲမှုဝန်အား အခြေအနေနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း၊ စီမံကိန်းတာဝန်ခံကအမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း ပထမအဆင့်မှ လျှပ်စစ်ဓာတ်အားရရှိမည့် ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ၊လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိသည့်ကျေးရွာများတွင် ဖြစ်ပေါ်နေသော အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်တွင် စီမံကိန်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုများအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၏ တင်ပြမှုများ အပေါ် လိုအပ်သည်များ အားပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment