နေပြည်တော် ဩဂုတ် ၁၀
ELCM စီမံကိန်းဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲ
ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ
Aureum Palace Hotel ၌ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ELCM စီမံကိန်းတွင်ပါရှိသည့် လုပ်ငန်းစဉ် များသည် လက်တွေ့ကျသည့်
ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ELCM စီမံကိန်းသည် သာမာန်အလုပ်ရုံ
ဆွေးနွေးပွဲများ စီစဉ်ကျင်းပသည့် ပုံစံများမှ ခွဲထွက်ပြီး ဝေးလံသည့် နယ်စပ်မြို့များသို့
အရောက်သွား၍ စီစဉ်ကျင်းပသည့်အတွက် အလွန်ကောင်းမွန်သော စီစဉ်မှုပုံစံဖြစ်ပါကြောင်း၊
ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဦးဆောင်မှုနှင့် သက်ဆိုင်သည့် အခက်အခဲများနှင့်
စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့်
နည်းလမ်းများနှင့်အတူ လက်တွေ့ကျကျ စဉ်းစားတင်ပြထားသည်ကို တွေ့ရပါကြောင်း၊ လွတ်လပ်သော
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်လာရေး ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌
Comprehensive & Autonomous တက္ကသိုလ် စနစ်တွင် ကမ္ဘာ့ထိပ်တန်း အဆင့်ရှိသည့် အမေရိကန်ပြည်ထောင်စုမှ
တက္ကသိုလ်များ၏ ပညာရေးနှင့် စီမံခန့်ခွဲမှုစနစ်ကို လေ့လာခြင်းသည် ယနေ့ မြန်မာနိုင်ငံ၏
ပညာရေး ပြုပြင်ပြောင်းလဲမှုများတွင် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမေရိကန်
ပညာတော်သင် မြန်မာနိုင်ငံသား လူငယ်များက ဦးဆောင်ပြီး အမေရိကန်နိုင်ငံ၏ ပညာရေးစနစ်နှင့်
ပတ်သက်သော အကြောင်းအရာ၊ အယူအဆနှင့် အတွေးအခေါ်များကို မိမိတို့ ဆရာ ဆရာမများ ပူးပေါင်းဆောင်ရွက်ကြခြင်းသည်
လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ထူထောင်ရေးအတွက် အထောက်အကူပြုသည့်
အကျိုးကျေးဇူးများ ဖြစ်ထွန်းမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က
ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူး တင်ပါကြောင်း ပြောကြားပြီး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ Dr.Sylvia Young က အမှာစကား
ပြောကြားသည်။
ယင်းနောက် Nothern Illnois
University ဥက္ကဋ္ဌ Dr.Lisa Freeman ၏ သဝဏ်လွှာကို ELCM စီမံကိန်းဒါရိုက်တာ ဦးရဲပြည့်သူက
ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်
လူမှုရေးဝန်ကြီးတို့က ထူးချွန်ဆရာ ဆရာမများ၊ စီမံကိန်းတွင် ပါဝင်ကူညီသူများနှင့် အလှူရှင်များကို
ဂုဏ်ပြုဆုများ ပေးအပ်သည်။
ELCM စီမံကိန်းမှ စောင့်ကြည့်လေ့လာခြင်းနှင့်
အကဲဖြတ်စိစစ်ရေးဆိုင်ရာ တွဲဖက်ဒါရိုက်တာ ဦးထွန်းအောင်ကျော်က အလုပ်ရုံ ဆွေးနွေးပွဲရလဒ်နှင့်
စစ်တမ်းကောက်ယူမှု အစီရင်ခံစာကို ရှင်းလင်းတင်ပြပြီး ELCM စီမံကိန်းမှ ဒါရိုက်တာ ဦးအာကာကျော်က
အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ELCM စီမံကိန်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏
ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန အမေရိကန်အစိုးရ ပညာတော်သင်ပြန် မြန်မာများနှင့်
Taxila Institute တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ဘားအံ၊ လွိုင်ကော်၊
ကလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ ပင်လုံ စသော မြန်မာနိုင်ငံ နယ်စပ်မြို့ (၆) မြို့ရှိ
တက္ကသိုလ် (၁၈) ခုမှ ဆရာ ဆရာမ (၂၁၆) ဦးအား ပညာရေးခေါင်းဆောင်မှုနှင့် စာသင်ခန်းအတွင်း
စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်များ မြှင့်တင်သင်ကြားပေးသော စီမံကိန်းဖြစ်သည်။
ELCM စီမံကိန်း၏ ဒုတိယအဆင့်သည့် ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သော
ဆရာ ဆရာမ (၃၆) ဦးအနက် တက္ကသိုလ်တစ်ခုလျှင် စွမ်းဆောင်ရည် ရမှတ် အများဆုံး ရရှိခဲ့သော
ဆရာ ဆရာမများအား ရွေးချယ်ကာ အင်းလေးဒေသတွင် ဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲကို (၂)
ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးသည် တောင်ကြီးတက္ကသိုလ်၌ အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ
ကော်မတီတို့က စီစဉ်ကျင်းပသည့် ဆရာကြီးပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ၏ Effective
Leadership in higher Education ခေါင်းစဉ်ဖြင့် ဟောပြောသည့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)
No comments:
Post a Comment