Sunday, August 11, 2019

အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ


နေပြည်တော် ဩဂုတ် ၁၁

အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပါမောက္ခချုပ်များ ကော်မတီ၏ နိုင်ငံတကာတွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များမှ အတွေ့အကြုံများကို ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေးကြပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီး၏ ပညာရေး အရည်အသွေး မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Website များရှိရမည်ဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်များနှင့် တစ်ပြေးညီ ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ Website တွင် မိမိတက္ကသိုလ်၏ လက်ရှိ လှုပ်ရှားဆောင်ရွက်နေသည့် သတင်းအချက်အလက်များကို ပြည့်ပြည့်စုံရေးသား ဖော်ပြထား ရန်လိုကြောင်း။
အင်္ဂလိပ်စာ၊ အိုင်စီတီ အရည်အသွေးမြင့်မားရေး၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ သုတေသနစီမံချက် အဆိုပြုရေးသားနည်း၊ သုတေသန လုပ်ငန်းဆောင်ရွက်နည်း၊ သုတေသန စာတမ်းပြုစုနည်း၊ သုတေသနစာတမ်းဖတ်ကြားနည်းနှင့် မွမ်းမံသင်တန်းများ၊ ဒေသနှင့် လိုက်လျောညီထွေဖြစ်သော သင်တန်း/ ဒီပလိုမာ/ ဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်းစီစဉ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ပါမောက္ခချုပ်များကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးက ဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က Teaching for Tomorrow ၊ ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးကျော်စွာစိုးက Effect of Digitalization ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က Internationalization ၊ နည်းပညာ တက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက University Link for Industry Engagement ၊ မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက Comprehensive University ၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ဂျာမန်ဘာသာဌာနမှ လက်ထောက်ကထိက ဒေါ်သန္တာမြင့်သူစိုးက Internal Quality Assurance ၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဦးကျော်စွာစိုးနှင့် ရန်ကုန် တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနီလာကြူတို့က Research Capacity Assurance ခေါင်းစဉ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက် ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးစီက အဖွဲ့အလိုက် ဆွေးနွေးရရှိမှုများကို တင်ပြကြရာ အဖွဲ့ကိုယ်စား လှယ်များက အုပ်စုလိုက်တင်ပြချက် နှင့်ပတ်သက်၍ သိရှိလိုသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းဖြေကြား၍ တက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment