Monday, August 26, 2019

၂၀၁၉ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2019) ထပ်မံခေါ်ယူခြင်း


၁။ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၁၉ ခုနှစ် အာဆီယံ ဆုကို ချီးမြှင့်နိုင်ရေး အတွက် ဆောင်ရွက်ခဲ့ရာ အပြီးသတ်ရွေးချယ်သည့် ဒိုင်အဖွဲ့ ၏ဆုံးဖြတ်ချက်အရဆုနှင့် ထိုက်တန်သူမရှိ ပါသောကြောင့် ၂၀၁၉ ခုနှစ် အာဆီယံ ဆုကိုပေးအပ် ချီးမြှင့်ရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အဆိုပြုလွှာ များ ထပ်မံ ခေါ်ယူလျက်ရှိပါသည်။

၂။ အာဆီယံဆုအတွက် အဆိုပြုသူများသည် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အကျိုးပြုသူများ ဖြစ်ရပါမည် -
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများ
- အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား သိသာထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှုများ
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိသာထင်ရှားသည့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုများ
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် သိသာထင်ရှားသည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ
- အာဆီယံအသိုက်အဝန်းတည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ
၃။ အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းများပါဝင်သည့် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ယင်းဆုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ၌ ကျင်းပမည့်(၃၅) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။
၄။ အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံသား(သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကို ဦးတည်၍ ပြည်သူကိုဗဟိုပြုသော အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း စတင်ထူထောင်ချိန်မှစ၍ အထောက်အကူပြုခဲ့သည့် လျှောက်ထားမည့် ပုဂ္ဂိုလ်/ အဖွဲ့ အစည်း၏ အောင်မြင်မှုများကို စာမျက်နှာ ၃ မျက်နှာမှ ၅ မျက်နှာအကြား (အင်္ဂလိပ် ဘာသာဖြင့်) အကျဉ်းချုပ်ရေးသား ဖော်ပြရမည် ဖြစ်ပါသည်။
၅။ လျှောက်ထားရမည့် လျှောက်လွှာပုံစံကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ http://www.asean.org/asean-prize တွင် ရယူ၍ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော် (သို့မဟုတ်) dgasean@gmail.com နှင့် psaseanmmr@gmail.comသို့ ၆-၉-၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဖော်ပြပါအာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာ ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
(နိုင်ငံခြားရေးဝန်ကြီးဌာန)

No comments:

Post a Comment