Monday, July 29, 2019

မန္တလေးမြို့၌ (၃၈)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကျင်းပ


 
မန္တလေး ဇူလိုင် ၂၈

(၃၈) ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံး ရှေ့စုရပ်နေရာ၌ ပြုလုပ်သည်။


အဆိုပါ စက်ဘီးစီးနင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မန္တလေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မြို့တို့မှ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီး အားကစားသမားများ၊ အား/ကာသိပ္ပံမှ စက်ဘီးစီးသမားများ၊ ကျောင်းသား ကျောင်းသူ များ၊ သက်ကြီး၊ သက်လတ်၊ သက်ငယ် စက်ဘီးစီး အားကစား ဝါသနာရှင် ပြည်သူများ၊ ဝန်ထမ်းများ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသူများသည် စက်ဘီးစီးတီရှပ် အင်္ကျီများဝတ်ဆင်၍ သတ်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာ ယူကြသည်။

ထို့နောက် စုပေါင်းစက်ဘီးစီးနင်းပွဲကို မန္တလေးအုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် စက်ဘီးစီး အားကစားဝါသနာရှင် ၃၀၀ ကျော်တို့သည် စုရပ်နေရာ(၂၆)လမ်းမှ စတင်တာထွက်ပြီး မြို့တစ်ပတ်ပတ်ကာ (၂၆) လမ်း ကျုံးတောင်ဘက် တာလွှတ်နေရာတွင် ပြန်လည် ပန်းဝင် ရောက်ရှိကြကာ ကိုယ်လက်လှုပ်ရှားကြံ့ခိုင် မှုလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။

အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို အကန့်အသတ်မရှိ မည်သည့် စက်ဘီးနှင့်မဆို ပါဝင်စီးနင်း ဆင်နွှဲနိုင်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment