Monday, July 29, 2019

တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်းဆင်းပွဲ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပ


 
ရန်ကုန် ဇူလိုင် ၂၈

တက္ကသိုလ် ကင်းထောက်မောင်မယ်များ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပြုစု ပျိုးထောင်မှု အစီအစဉ်အရ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်/ ကောလိပ်များတွင် တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချလျက် ရှိရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်တွင် ဖွင့်လှစ်သည့် တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


အမှာစကားပြောကြား

သင်တန်းဆင်းပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ယင်းနောက် သင်တန်းသား သင်တန်းသူ ၁၆၅ ဦးက ကင်းထောက်အလံ ကိုင်ဆောင်၍ ကင်းထောက် ကတိခံယူကြသည်။ လူငယ် ၁၆၅ ဦး သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သင်ကြားပို့ချ

အလားတူ တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်းအမှတ်စဉ်(၂)ကို ရှမ်းပြည်နယ်ရှိ တောင်ကြီးတက္ကသိုလ်တွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ် သင်ကြားလျက်ရှိပြီး တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်းများတွင် နိုင်ငံတကာ ကင်းထောက်သင်တန်း အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ကင်းထောက်ကြီးများနှင့် တက္ကသိုလ် ကောလိပ်များမှ ရိုဗာနည်းပြ ကင်းထောက် ခေါင်းဆောင်များက ကမ္ဘာ့ကင်းထောက်နှင့် မြန်မာနိုင်ငံ ကင်းထောက် ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တိုင်၊ ကင်းထောက်ကတိနှင့် ကျင့်ဝတ်၊ ရှေးဦးသူနာပြုစုနည်းများ၊ စုပေါင်း တေးသီချင်း သီဆိုလေ့ကျင့် ကစားနည်းများ၊ ကြိုးချည်နည်းများ၊ တဲထိုးနည်းများ၊ တောတွင်းစခန်းချ ခြေလျင်ခရီးကြမ်းလေ့ကျင့်မှု ပညာရပ်များနှင့် ငြိမ်းချမ်းရေး အထောက်အကူ ပြုစေမည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment